■ အောင်ဇမ္ဗူ ဇာတ်သဘင် ပွဲကခွင့် တစ်နှစ်အပိတ်ခံရ ■ ပွဲကခွင့် တစ်နှစ် အပိတ်ခံရမှုအပေါ် ဝေဖန်မှုများရှိနေ

■ အောင်ဇမ္ဗူ ဇာတ်သဘင် ပွဲကခွင့် တစ်နှစ်အပိတ်ခံရ
■ ပွဲကခွင့် တစ်နှစ် အပိတ်ခံရမှုအပေါ် ဝေဖန်မှုများရှိနေ
အောင်ဇမ္ဗူ ဇာတ်သဘင် ပွဲကခွင့် တစ်နှစ်အပိတ်ခံလိုက်ရကြောင်း သိရသည်။

” မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ အကြောင်းကြားစာနှင့်အတူ ယနေ့မှစ၍ အောင်ဇမ္ဗူ ဇာတ်သဘင်အား ပွဲကပြခွင့် တစ်နှစ်တိတိ ပိတ်လိုက်ပါသဖြင့် ယနေ့ ကပြမည့် သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲအတွက် ဖျာ/ထိုင်ခုံ လက်မှတ်ကြိုတင်ဝယ်ယူထားသူများ ဇာတ်ရုံတွင် ယနေ့ည ၇ နာရီမှ စတင်၍ ပြန်လည်လာရောက် ထုတ်ယူနိုင်ပါပြီ” ဟု အဆိုဇာတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အောင်ဇဗ္ဗူ ဇာတ်သဘင်အဖွဲ့မှာ မသန်စွမ်းသူများနှင့်ပတ်သက်သည့် ပြက်လုံးတစ်ခုကို ကပြဖျော်ဖြေခဲ့သည်။
ယင်းသို့ ဖျော်​ဖြေမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီး မသန်စွမ်းအဖွဲ့အစည်းများက ကန့်ကွက်သည့် ထုတ်ပြန်ချက်များကို ဆက်တိုက်ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ဇာတ်ကခွင့် တစ်နှစ်အပိတ်ခံရခြင်းအပေါ် ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
” တစ်နှစ်အပိတ်ခံရတာတော့ များလွန်းတယ်လို့ ပြောရမယ်။ ဇာတ်သဘင်တွေက အားယူပြီး ပြန်ထနေတဲ့အချိန် ဒီပြစ်ဒဏ်ကတော့ များလွန်းတယ်လို့မြင်တယ်။ ပြီးတော့ တက်သစ်စမင်းသားတစ်ယောက်” ဟု ဇာတ်ပွဲကြည့်ရှုသူတစ်ဦးက သုံးသပ် ပြောကြားသည်။
စမ်းရေမိုးဇာတ်သဘင်အဖွဲ့၏ ဦးစီးသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်ထွန်းကလည်း ” ကြားရတဲ့ သတင်းအရ အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ကျွန်တော်ကသဘင်ကိုချစ်တဲ့သူပါ။ဘယ်သဘင်သည်ကိုမှ မထိခိုက်စေချင်” ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။
လူမှုကွန်ရက်စာမျက်နှာများတွင်လည်း အောင်ဇဗ္ဗူ ဇာတ်သဘင်အဖွဲ့၏ ပရိတ်သတ်များကလည်း ဝေဖန်လျက်ရှိသည်ကို တွေ့ရသည်။
■ Photo: Aung Za Bu- အောင်ဇမ္ဗူ facebook Page