ကြံ့ဖွတ်ပါတီကို ကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ကာ အမတ်ဖြစ်လာသော်လည်း လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ညိုစော၊ အောင်လင်းဒွေး၊ တင်အောင်စန်း၊ မြထွန်းဦး အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများ ကြံ့ဖွတ်ပါတီသို့ အဆက်အသွယ်မလုပ် လျစ်လျူရှုထား

ကြံ့ဖွတ်ပါတီကို ကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ကာ အမတ်ဖြစ်လာသော်လည်း လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ညိုစော၊ အောင်လင်းဒွေး၊ တင်အောင်စန်း၊ မြထွန်းဦး အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများ ကြံ့ဖွတ်ပါတီသို့ အဆက်အသွယ်မလုပ် လျစ်လျူရှုထား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

အကြမ်းဖက်စစ်တပ် ကျောထောက်နောက်ခံပေးထားသော ကြံ့ဖွတ်ပါတီကို ကိုယ်စားပြု၍ ရွေးကောက်ပွဲဝင် အမတ်ဖြစ်လာသော်လည်း လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ညိုစော၊ အောင်လင်းဒွေး၊ တင်အောင်စန်း၊ မြထွန်းဦး အပါ အဝင် စစ်ဗိုလ်ချုပ်ဟောင်းများ ကြံ့ဖွတ်ပါတီသို့ အဆက်အသွယ်မလုပ်ဘဲ လျစ်လျူရှုထားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်က စီစဉ်သည့် ရွေးကောက်ပွဲမှာ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး ဖေဖော်ဝါရီလတွင် ရလဒ်များအားလုံးကို ရွေးကောက်ပွဲ ကော်မရှင်က အပြီးသတ် ကြေညာခဲ့ကြောင်း၊ ကြံ့ဖွတ်ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲ ဝင်ခဲ့ကြသည့် စစ်ဗိုလ်ချုပ်ဟောင်းများနှင့် တာဝန်လက်ရှိ ထမ်းဆောင်နေဆဲ စစ်ဗိုလ်ချုပ်ဟောင်းများအားလုံးမှာ အမတ်များအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း၊ ယင်းတို့အနက်မှ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးတစ်ယောက်မျှ ကြံ့ဖွတ်ပါတီသို့ လာရောက်ခြင်းမရှိဘဲ လျစ်လျူရှုနေကြကြောင်း သိရှိရသည်။
ကြံ့ဖွတ်ပါတီကို ကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ခဲ့ကြသော လက်ရှိ တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်ချုပ်ဟောင်းများအနေဖြင့် ပါတီသို့ လာရောက်သင့်သည်ဆိုသော ပါတီတွင်း ပြောဆိုဝေဖန်မှုများရှိနေကြောင်း၊ ယင်းကဲ့သို့ မလာရောက်မှုမှာ ပါတီဝင်များအကြား အရေးမစိုက်သည့်သဘောအဖြစ် မေးခွန်း ထုတ်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
“ဦးညိုစော၊ ဦးအောင်လင်းဒွေး၊ ဦးမြထွန်းဦး၊ ဦးတင်အောင်စန်း၊ ဦးမောင်မောင်အုန်း အဲဒီသူတွေက အခုအချိန်အထိ တာဝန်ထမ်းဆောင်ဆဲနဲ့ပဲ ပါတီကို ကိုယ်စားပြုပြီး လွှတ်တော်အမတ်တွေ ဖြစ်လာကြပေမယ့်လည်း ပါတီကို ရွေးကောက်ပွဲအပြီးမှာ တစ်ကြိမ် တစ်ခါမှလည်း မလာဘူး။ ရွေးကောက်ပွဲ အပြီးမှ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း မလာဘူး။ သူတို့ ရွေး ကောက်ပွဲဝင်ဖို့အတွက် ပါတီဘက်က သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းအကုန် လုံးက ပါဝင် အားဖြည့်ပေးခဲ့ရပေမယ့် သူတို့ကတော့ ပေါ်မလာပါဘူး။ ဒီအတွက်လည်း ပါတီတွင်းမှာ အတော်ကို ဝေဖန်မှုတွေ ညံနေတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
ကြံ့ဖွတ်ပါတီအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထိန်းချုပ်ခြယ်လှယ်မှုများအပေါ် မကျေနပ်မှုများရှိသော်လည်း လက်ရှိ ပါတီခေါင်းဆောင်ပိုင်းများဖြစ်သည့် ခင်ရီ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များက ငြိမ်ခံနေသောကြောင့် အားမလို အားမရဖြစ်နေကြသည်ဟု သိရှိရသည်။
“ပါတီကို တပ်မတော်က စိတ်ကြိုက် ခြယ်လှယ်တာမျိုး မကြိုက်ကြပေမယ့်လည်း လက်ရှိမှာ ဥက္ကဋ္ဌက စပြီး ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တွေအထိ အားလုံးက ငြိမ်ခံနေကြတော့ မပြောသာဘူး။ ယခင်က ပါတီဥက္ကဋ္ဌ ဦးသန်းဌေးတုန်းကဆိုရင် တပ်မ တော်ရဲ့ ခြယ်လှယ်မှုကို မခံဘူး။ ဥပမာ ဘယ်ဗိုလ်ချုပ်တွေအတွက် ဘယ်မဲဆန္ဒနယ်ကို ချန်ပေးထားပါလို့ ပြောရင် မချန်ပေးဘူး။ လွတ်တဲ့ မဲဆန္ဒနယ်ပဲ ရမယ်။ သူတို့တောင်းတဲ့ မဲဆန္ဒနယ်ကို ပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေးက မပေးခဲ့ဘူး။ နောက်ပြီး ပါတီကို ကိုယ်စားပြုပြီး ပြိုင်မယ်ဆိုရင် ပါတီရဲ့ အစည်းအဝေး၊ လမ်းညွှန်ချက် အစည်းအဝေးတွေကို ဘယ်ဗိုလ်ချုပ်ပဲဖြစ်ဖြစ် လာတက်ခိုင်းတယ်။ မတက်လို့ မရဘူး။ အဲဒါတွေကတော့ တော်တော်ကွာသွားတယ်။ လက်ရှိ ဥက္ကဋ္ဌ ဦးခင်ရီက တပ်က ခိုင်းသမျှ အကုန်လုပ်ပေးနေတော့ ပါတီထဲမှာ မကျေနပ်ပေမယ့်လည်း ငြိမ်ခံနေရတာပဲ” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
လက်ရှိ တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်ချုပ်ဟောင်းများက ကြံ့ဖွတ်ပါတီ ကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ခဲ့ကြရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမှုဆောင်အရာရှိချုပ် အောင်လင်းဒွေး နေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (PR) မှလည်းကောင်း၊ ဝန်ကြီးချုပ် တာဝန်ယူထားသော ညိုစောက ကိုကိုးကျွန်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လည်းကောင်း၊ ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီး တာဝန်ယူထားသော မြထွန်းဦးက ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒ နယ်မှ လည်းကောင်း ၊ သမ္မတရုံးဝန်ကြီး တာဝန်ယူထားသော တင်အောင်စန်းက ဥတ္တရသီရိမြို့နယ်၊ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းက တပ်ကုန်းမြို့နယ် မဲဆန္ဒနယ်တို့မှလည်းကောင်း ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြသည်။
မင်းအောင်လှိုင်၏ စေခိုင်းချက်အရ စစ်ကော်မရှင်မှ စစ်တပ်နှင့်အရပ်ဘက်အရာရှိများဖြစ်ကြသည့် ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ ဝန်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း (OTS-66) ၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း တေဇကျော် (DSA – 28)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ (DSA – 29)၊ဒု ဗိုလ်ချုပ်ကြီးဟောင်း ဖုန်းမြတ် (OTS 73)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း လင်းအောင် (DSA 26)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင် (DSA-31) တို့ အပါ အဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများ ပြည်နယ်/တိုင်းဝန်ကြီးချုပ်များက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်တို့က ကြံ့ဖွတ်ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။