ကျောက်ဖြူတိုက်ပွဲကြောင့် တရုတ်ဓာတ်အားပေးစက်ရုံ အပြီးရွှေ့ရန်ပြင်

ကျောက်ဖြူတိုက်ပွဲကြောင့် တရုတ်ဓာတ်အားပေးစက်ရုံ အပြီးရွှေ့ရန်ပြင်
လင်းသစ်၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅
ရခိုင်ပြည်နယ်မှ တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ်၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာရာ စီးပွားရေးဇုန်စီမံကိန်းနှင့် မဟာဓာတ်အားလိုင်းထံ ပေးပို့ရန် တည်ဆောက်ထားသည့် တရုတ် V Power ဓာတ်အားပေးစက်ရုံမှ စက်ပစ္စည်းများ ယခုရက်ပိုင်း အလုံးအရင်းနှင့် ရွှေ့ပြောင်းနေကြောင်း ဒေသခံသတင်းရင်း မြစ်များက ပြောသည်။
V Power ဓာတ်အားပေးစက်ရုံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ကျောက်ဖြူစီးပွာေးရးဇုန်နှင့် လျှပ်စစ်မီးဖူလုံရေး ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခု တွင် စတင်လည်ပတ်ခဲ့သော်လည်း ၂၀၂၃ ခု နှောင်းပိုင်း ၌ စစ်ကော်မရှင်က သဘာဝဓာတ်ငွေ့ရည် အလုံအလောက် မပေးနိုင်ခြင်း၊ ဓာတ်အားခ ငွေမပေးချေနိုင်ခြင်းတို့ကြောင့် လည်ပတ်မှုရပ်ဆိုင်းထားသည့် စက်ရုံဖြစ်သည်။
ယခုအခါ အာရက္ခတပ်တော်(AA)နှင့် စစ်တပ်ကြား တိုက်ပွဲများသည် ဓာတ်အားပေးစက်ရုံနှင့် ၂မိုင်ခွဲခန့် အကွာရှိ အမှတ်(၃၂) ရဲတပ်ရင်းအနီးဖြစ်ပွားနေသဖြင့် အလျင်အမြန်ရွှေ့ပြောင်းနေခြင်းဖြစ်ရာ စက်အလုံးရေ အားလုံးနီးပါး ပြောင်းရွှေ့ပြီးသွားပြီဟု သိရသည်။
“အားလုံး ၉၆ လုံးရှိတာ။ အခုကုန်ခါနီးပြီ၊ တလုံး နှစ်လုံးပဲ ကျန်တယ် ကြားတယ်။ ကျောက်ဖြူမြို့ထဲကနေ သင်္ဘောတွေနဲ့ ရွှေ့နေတာ။ ဒီရက်ပိုင်းမှာ အပြီးရွှေ့မယ်ကြားတယ်။ စက်ရုံတွေကိုလည်း ဖျက်နေကြပြီ” ဟု ဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။
V Power ဓာတ်အားပေးစက်ရုံကို ဟောင်ကောင်အခြေစိုက် V Power အုပ်စုနှင့် တရုတ်အမျိုးသားနည်းပညာသွင်းကုန် ထုတ်ကုန်ကော်ပိုရေးရှင်း (CNTIC)တို့ ပူးပေါင်းကာ အမေရိကန်ဒေါ်လာ သန်း ၁၄၀ အကုန်အကျခံ၍ လျှပ်စစ်ဓာတ်အား ၁၅၀ မီဂါဝပ်ထုတ်လုပ်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိကျောက်ဖြူရေနက်ဆိပ်ကမ်းကို တည်ဆောက်နေ သည့် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီကလည်း အစုရှယ်ယာ ၈ ရာခိုင်နှုန်း ပါဝင်သည်။
“SEZ လည်း မရှိသေးတော့ ပင်မဓာတ်အားလိုင်းအတွက် သုံးတယ်၊ စစ်ကော်မရှင်က ဝယ်သုံးရတာ နောက်ပိုင်း ဒေါ်လာနဲ့ ပေးရတော့ မပေးနိုင်တော့ဘူး၊ ဟိုဘက်ကလည်း တွက်ခြေမကိုက်တော့ စက်ရုံရပ်သွားတယ်။ အဲဒီတုန်းကတော့ စက်ရုံ မလည်ပေမယ့် ပိတ်သိမ်းဖို့ထိ မရည်ရွယ်ဘူး။ အခုတိုက်ပွဲတွေ ပြင်းလာတော့မှ အကုန်ပိတ်သိမ်းဖို့ လုပ်ကြတာ” ဟု ကျောက်ဖြူမြို့နယ်မှ တရုတ်စီမံကိန်းများအကြောင်း လေ့လာနေသည့် ဒေသခံတဦးက ပြောသည်။
V Power ကုမ္ပဏီသည် ဓာတ်အားပေးစက်ရုံ ရပ်သွားခဲ့သော်လည်း မြန်မာ- တရုတ် BRI စီမံကိန်းများ၏ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး အပိုင်း ၁၊ အပိုင်း ၂ကို ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့တွင် လုပ်ပိုင် ခွင့်ရထားသည်။
V Power ဓာတ်အားပေးစက်ရုံကို အပြီးပိတ်သိမ်းလိုက်ပြီဖြစ်သော်လည်း ကျောက်ဖြူမြို့နယ် အုန်းတောရွာအနီး တည်ဆောက်ထားသည့် တရုတ်အစိုးရပိုင် Power China ကုမ္ပဏီ၏ ဓာတ်အားပေးစက်ရုံကိုမူ စီမံကိန်း ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်တည်ဆောက်နေဆဲဖြစ်သည်။
ကျောက်ဖြူမြို့နယ်အတွင်း တရုတ်၏ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ အထူးစီးပွားရေးဇုန်စီမံကိန်း(SEZ)၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းမှ မန္တလေး- တရုတ်ပြည် ကူမင်းထိ ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းတို့ရှိနေပြီး လက်ရှိ တိုက်ပွဲများ ဖြစ်ပွား နေသည့်တိုင် ယင်းစီမံကိန်းများကို အကောင်အထည်ဖော်နေဆဲဖြစ်သည်။
တိုက်ပွဲများမှာ ကျောက်ဖြူမြို့နယ်အတွင်း ရေတပ်ဌာနချုပ်နှင့် နှစ်မိုင်ကျော်သာ ကွာဝေးသည့် ဦးကင်း၊ စေမော် စသော ရွာများအနီးတဝိုက်၊ ကျောက်ဖြူ – ဓညဝတီရေတပ်သွားလာရာလမ်းဆုံအနီးရှိ ဇိုင်ချောင်း၊ သိုင်းချောင်းဝန်းကျင်၊ မြို့နှင့် ငါးမိုင်ဝန်းကျင်အကွာ ရဲတပ်ရင်းအနီး ပြိုင်းစေ့ကေရွာဝန်းကျင်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။
ကျောက်ဖြူမြို့အနီးပတ်လည်တွင် စစ်ကော်မရှင်၏ အခြေစိုက်တပ်ရင်းများဖြစ်သည့် ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃ ၊ အမှတ်(၃၂)ရဲတပ်ရင်းတို့ တည်ရှိပြီး ဓညဝတီရေတပ်ဌာနချုပ် ၊ အုံးကျွိန်၊ တောင်မော်ကြီးရေတပ်စခန်းတို့အပြင် ကာကင်းစခန်းများစွာ ရှိနေရာ AA က ထိုးစစ်အရှိန်မြှင့် တိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။