အကျဉ်းကျနေတဲ့ သရုပ်ဆောင်မင်းရာဇာရဲ့ဇနီးက အင်းစိန်ထောင်ထဲမှာ ငွေတိုးချေးစားပြီး စီးပွားဖြစ်နေ
BAP၊ ဖေဖော်ဝါရီ၊၂၇။
အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ပက် ညှင်းပန်းနှိပ်စက်မူနဲ့ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေတဲ့ သရုပ်ဆောင်မင်းရာဇာရဲ့ဇနီးဖူးငုံပွင့်ဟာ ထောင်ထဲမှာ အတိုး ၁၀၀ နူန်းနဲ့ ငွေတိုးချေးစားပြီး စီးပွားဖြစ် နေတယ်လို့ အခြားအကျဉ်းသာ းတွေရဲ့ မိသားစုတွေ BAP ကို ပြောပါတယ်။
အမူပေါင်းစုံနဲ့အကျဉ်းကျခံနေသူတွေက သူ့ထံမှာ ငွေကျပ်တသိန်းကျပ်ချေးရင် အတိုးတသိန်း ပေးရတာ ဖြစ်ပြီး အတိုးကို တရားရုံးချိန်းတွေမှာ မိသားစုဝင်တွေက ပေးရတယ်လို့ တရားမမူနဲ့ ထောင်ကျနေသူတွေ ရဲ့ မိသားစုဝင်တွက ပြောကြပါတယ်။
“ထောင်ဝင်စာတွ့တဲ့အချိန်တို့ ရုံးချိန်းတွေမှာ မိသားစုဝင်တွေလာရင် ယူထားတဲ့အတိုးကို တခါထဲ ဆပ်ရတယ်၊ တသိန်းချေးရင် တလ အတိုးတသိန်း ၅ သောင်းဆို အတိုးက ၅ သောင်း ပေးနေရတယ်၊ အထဲမှာ သူကလုပ်စားခွင့်ရနေတာ” လို့ မင်းရာဇာ အမျိုးသမီးဖူးငုံပွင့်ကို အတိုးပေးခဲ့ရသူ အကျဉ်းသားမိသားစုဝင်တဦးက ပြောပါတယ်။
မင်းရာဇာရဲ့ဇနီးဖြစ်သူဟာ၂၀၂၀ ခုနှစ် ဧပြီလက သရုပ်ဆောင် မင်းရာဇာအပါအဝင် (၄) ဦးကို အိမ်အကူ မိန်းကလေးအပေါ် သက်ငယ်မုဒိမ်းမှု အပါအဝင် အပြင်းအထန်နာကျင်စေမှုတွေ ကျူးလွန်တဲ့အတွက် တရားစွဲဆိုထောင်ချခံထားရတာဖြစ်ပါတယ်။
သက်ငယ်မုဒိမ်းမှုနဲ့ ထောင်၂၅ နှစ်ကျခံနေတဲ့ သရုပ်ဆောင် မင်းရာဇာဟာလည်း အင်းစိန်ထောင်ထဲမှာ “အကျဉ်းသားအရာရှိ” ဖြစ်လာပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ညှဉ်းပန်းနေတယ်ဆိုပြီး နိုင်ငံရေး အကျဉ်းသားမိသားစုဝင်တွေက အသိပေးထားဖူးပါတယ်။
“ယောက်ကျားရာ မိန်းမရာပါ အထဲမှာ ဗိုလ်ကျ နေကျတာ၊ ထောင်အတွင်းမှာ သူ့မိန်းမက ရာနူန်းပြည့် အတိုးယူတယ်၊ မပေးလို့မရအောင်ချုပ်ထားတာ၊ ထောင်ဝင်စာလာတွေ့သူတို့ အချို့ရုံးချိန်းတွေမှာ မိသားစုတွေ ယူထားတဲ့ပိုက်ဆံနဲ့ထပ်တူအတိုးပေးရတာ၊ လူချင်တာလုပ်နိုင်တဲ့ အခွင့်ရေးရထားတာ” လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦးက ပြောပါတယ်။
မင်းရာဇာရဲ့ဇနီးဟာ အင်းစိန်ထောင်ရောက်လာတဲ့ အကျဉ်းသားတွေကို ငွေတိုးပေးစားနေတာကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက တားဆီးထားတာမရှိဘူးလို့ ထောင်ကျခံနရသူမိသားစုဝင်တွေက ဆိုပါတယ်။
“သူကလှလှပပလေး နုနုဖတ်ဖတ်လေးနေတာ၊ ကောလဂျင်(Collagen-အသားအရေနုပျိုမှု အတွက် သောက်ကြတဲ့ ဆေးတမျိုး) တွေလည်းသောက်တယ်၊ ထမင်းဆိုလည်း ပြင်ပကနေမှာစားကြတာ အရင်ကတာ့အတိုးချေးတာမျိုးမရှိဘူး၊ ခုတော့မသိတော့ဘူး အဆက်ပြတ်နေတာ” လို့ ဖူးငုံပွင့်နဲ့အတူ ထောင်အတွင်း ဆုံတွေ့ဖူးသူတဦးက ပြောပါတယ်။
ဒါ့အပြင်ဖူးငုံပွင့်ဟာ ထောင်အတွင်း စာရေးနေရာ ရယူထားပြီး အခွင့်ထူးခံလူတန်းစားအဖြစ် ထောင်ဝန်ထမ်းတွရဲ့ အရေးပေးခံနေရတယ်လို့ သူနဲ့အတူအကျဉ်းကျခံရဖူးသူတွေက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်က သရုပ်ဆောင် မင်းရာဇာနဲ့ ဇနီးကို မြဝတီမြို့ DKBA ထိန်းချုပ်နယ်မြေထဲမှာ ဖမ်းဆီးခဲ့တာပါ။
သရုပ်ဆောင် မင်းရာဇာရဲ့အမှုကို တရားရုံးက ၃ နှစ်ကြာ စစ်ဆေးပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလမှာ မုဒိမ်းမှု ပုဒ်မ ၃၇၆ အတွက် နှစ် ၂၀၊ ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ အတွက် ၅ နှစ် ချခဲ့ပါတယ်။
Burma Associated Press