ဘဏ်တွေကငွေထုတ်တာကန့်သတ်ပြီးနောက်ပိုင်း
အခုရက်ပိုင်းအတွင်းတစ်သောင်းတန်ငွေစက္ကူအသစ်တွေထုတ်ပေးလာ
ဖေဖော်ဝါရီ-၂၇၊၂၀၂၆။ဇော်ဝင်း/Peoples Spring
ဘဏ်တွေကနေငွေစက္ကူထုတ်ယူမှုတွေကိုကန့်သတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလကုန်ပိုင်းမှာဘဏ်တွေကငွေထုတ်တဲ့အခါကျပ် တစ်သောင်းတန်ငွေစက္ကူအသစ်တွေ ရလာတယ်လို့ ငွေထုတ်ခဲ့သူတွေ ကပြောပါတယ်။
အခုလ နောက်ဆုံးပတ်က ငွေထုတ်ယူမှုတွေမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေက ဆေးအနံ့တောင်ထွက်နေသေးတယ်လို့ ဆိုပါတယ်။
“ငွေကအသစ်တွေပဲ။ဆေးအနံ့တွေတောင် မပျောက်သေးဘူး။လိုသလောက်တော့ ထုတ်မရသေးဘူး။တခါထုတ်သိန်း ၁၅၀ လောက်တော့ ရတယ်။ဒါလည်းဘဏ်ထဲရှိတဲ့ ငွေပမာဏပေါ်မူ
တည်ပြီး ထုတ်ပေးတာ။ထုတ်ရတဲ့ အကြောင်းအရင်းကိုပါဖြည့်ရသေးတယ်”လို့ကမ္ဘောဇဘဏ်က နေငွေထုတ်ယူခဲ့သူတဦးကပြောပါတယ်။
ဒါကြောင့်စစ်ကောင်စီက ငွေစက္ကူအသစ်တွေထပ်မံရိုက်နှက်ပြီးအခုရက်ပိုင်းမှာဖြန့်ဝေလာတာဖြစ်ပြီး အများအပြားရိုက်နှက်ထုတ်ဝေရင်ငွေဖောင်းပွမှု အန္တရာယ်ပိုကြီးနိုင်တယ်လို့ လုပ်ငန်းရှင်အချို့ကပြောပါတယ် ။ဒါ့အပြင်ငွေစက္ကူအသစ်တွေကြောင့် ပြည်တွင်းငွေကြေးစျေး ကွက်ထဲမှာ အတု၊အစစ် ထင်မှားမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
“Taxi သမားကိုထုတ်ပေးတာမယူဘူး။ဘာဖြစ်လို့လဲ AYA ကအခုပဲထုတ်လာတာဆိုပြီး။ အုပ်လိုက်ပြမှယူတယ် “လို့ကျပ်တစ်သောင်းတန်ငွေစက္ကူအသစ် သုံးစွဲမှုနဲ့ ပတ်သက်လို့ ကြုံတွေ့ခဲ့ရသူက ပြောပါတယ်။
ဘဏ္ဍာနှစ်တစ်နှစ်အတွင်း နိုင်ငံရဲ့ဘက်ဂျက်လိုငွေ ပေါ်မူတည်ပြီး ငွေစက္ကူအသစ်ထုတ်တာဒါမှမ
ဟုတ် ငွေစက္ကူအဟောင်းကို သိမ်းပြီး ငွေစက္ကူအသစ်နဲ့အစားထိုးလေ့ရှိတယ်လို့ အစိုးရဝန်ထမ်းဟောင်းတစ်ဦးက အသိပေးပါတယ်။
မြန်မာနိုင်ငံရဲ့၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်ကလာမယ့်မတ်လမှာ ကုန်ဆုံးမှာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။
“နှစ်တိုင်း ငွေစက္ကူအသစ်တွေ ထုတ်နေကြပါပဲ။နည်းတာနဲ့များတာပဲကွာတယ်။စီမံ/ဘဏ္ဍာဝန် ကြီးဌာနက အတိအလင်းမထုတ်ပြန်တော့တာပဲရှိမယ်”လို့ သူကဆက်ပြောပါတယ်။
အခုလဆန်းမှာ ဘဏ်တွေကနေ ငွေကြေးစီးဆင်းမှုကို စစ်တပ်လက်အောက်ခံဗဟိုဘဏ်ကထိန်း
ချုပ်တာနဲ့ ငွေစက္ကူအသစ်တွေ ထွက်လာတာက တိုက်ဆိုင်မှု မဟုတ်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
“ငွေစက္ကူအသစ်တွေဝင်လာဖို့အတွက်ဘဏ်တွေကနေ ငွေထုတ်တာကိုကြိုထိန်းလိုက်တာလို့မြင်တယ်။လိုသလောက်ထုတ်နေတဲ့ သူတို့(စစ်တပ်)
လည်း မသိပဲမနေဘူး။ဒီပုံစံအတိုင်းဆိုဆင့်ကဲ ဖြစ်လာမှာတွေရှိတယ်။ဘဏ်တွေကို မယုံတော့ဘဲ ငွေသားလက်ဝယ် ကိုင်တာ။ရွှေနဲ့ နိုင်ငံ ခြားငွေ ကို ဝယ်စုတာတွေဆက်ဖြစ်နိုင်တယ်”လို့သူကသုံး
သပ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံငွေကြေးစနစ်ကို ထိန်းချုပ်ခဲ့တဲ့စစ်တပ်လက်အောက်မှာ မြန်မာနိုင်ငံ ရဲ့ ငွေကြေးဖောင်းပွမှုက ၂၀၂၅ မှာ
မြန်မာ့ငွေ ကြေးဖောင်းပွမှု ၃၄ ရာခိုင်နှုန်းထိရှိတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။
စစ်တပ်က အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ကျပ်ဘီလျံပေါင်း ၃၀,၀၀၀ နီးပါးရိုက်ထုတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ၂၀၂၄ ခုနှစ်က ပြောထားပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ နဲ့ ၂၀၂၀ မှာ ကျပ်ဘီလျံပေါင်း ၃,၆၅၆ သာ ရိုက်နှိပ်ထုတ်ဝေခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က ဘက်ဂျက်လိုငွေကို ငွေစက္ကူအလွယ်ရိုက်ထုတ်တဲ့နည်းလမ်းနဲ့သာ အဓိကဖြေရှင်းလေ့ရှိတာကြောင့် ငွေဖောင်းပွမှုဟာပိုဆိုးလာနေတယ်လို့လုပ်ငန်းရှင်တွေကပြောပါတယ်။စစ်တပ်အာဏာ
သိမ်းပြီး ၅ နှစ်ခန့်အတွင်းမှာ ကျပ်ငွေတန်ဖိုးဟာ ၈၀ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့တယ်လို့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနားကပြောထားပါတယ် ။
“ပြီးခဲ့တဲ့လက တဆယ်သားခုနှစ်ထောင် ရှိတဲ့ ဆိတ်သား တစ်ဆယ်သားကျပ်တစ်သောင်းစျေး ဖြစ်သွားပြီ။ကြက်သားစျေးကလည်း ၇၀၀၀ စျေးဖြစ်လာပြီ။အသားငါးစျေးတန်းကို မကပ်နိုင်တော့ဘူး”လို့ ရန်ကုန်မြို့နေ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။
ငွေစက္ကူအသစ်တွေ အလွန်အကျွံထုတ်မှုကနေ ငွေကြေးစီးဆင်းမှုများပြားလာတဲ့အခါ ဝယ်လို
အားမြင့်တက်လာပြီးကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေရဲ့ စျေးနှုန်းတွေ မြင့်တက်လာနိုင်တဲ့အတွက် ငွေ ကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုးကျဆင်းတာတွေ ဖြစ်လာလို့ သိရပါတယ်။
( ၂၀၂၆ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ပုဂ္ဂလိကဘဏ်ကထုတ်လာတဲ တစ်သာင်းတန်ငွေစက္ကူအသစ်တွေကိုတွေ့ရစဥ်။ဓါတ်ပုံ-CJ )