စစ်မှုထမ်းသင်တန်းဆင်းတွေထွက်ပြေးရင် အချင်းချင်းပြန်သတ်ဖြတ်ခိုင်းတဲ့အထိ စစ်တပ်က အကြောက်တရားရိုက်သွင်းနေ
ဖေဖော်ဝါရီ-၂၇၊၂၀၂၆။ဇော်ရမ်း/People’s Spring
ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းသင်တန်းပေးနေတဲ့ တပ်ရင်းတွေထဲမှာ သင်တန်းသားတွေအချင်းချင်း သတ်ဖြတ်ခိုင်းတဲ့အထိ စစ်တပ်က အကြောက်တရားရိုက်သွင်းနေတယ်လို့ စစ်သားစုဆောင်းခံရတဲ့ မိသားစုဝင်အချို့က ပြောပါတယ်။
စစ်မှုထမ်းသင်တန်းဆင်းတွေဟာ ရှေ့တန်းကနေ ထွက်ပြေးရင် တပ်ရင်းမှာ ကျန်ခဲ့တဲ့သူတွေကို အသက်သေဆုံးတဲ့အထိ ရိုက်နှက်ခိုင်းပြီး ပြင်းပြင်းထန်ထန်အရေးယူနေတာလို့ ဆိုပါတယ်။
“ကျတော့်သားနဲ့ တစ်ပတ်စဉ်ထဲဆင်းတဲ့ ကောင်လေးက ရခိုင်နယ်စပ်ကိုအပို့ခံရပြီး ထွက်ပြေးတာ။ တပ်ရင်းမှာကျန်ခဲ့တဲ့ ကျတော့်သားကိုရော ကျန်တဲ့သူတွေပါ အရိုက်ခံရတယ်။ အချင်းချင်းရိုက်ခိုင်းတာနော်။ မရိုက်ရဲရင် အရက်မူးအောင်တိုက်ပြီး ရိုက်ခိုင်းတာ။ အဲ့ဒီမှာ တစ်ယောက်သေတယ်။ သေတာက ၁၈နှစ်အရွယ်ကလေး”လို့ ဧရာဝတီတိုင်း ဓနုဖြူမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်တပ်တန်းမြင့်လေ့ကျင်းရေးကျောင်းနဲ့
ပုသိမ်မြိုု့က လေ့ကျင့်ရေး(၆)မှာ စစ်မှုထမ်း
စု ဆောင်းလာသူတွေကို သင်တန်းတွေပေးနေတာပါ။ ပြင်ပနဲ့အဆက်ဖြတ်ထားတဲ့ အဲ့ဒီနေရာ ၂ခုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြင်ပလူတွေမသိအောင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ရှေ့တန်းကနေ တစ်ယောက်ထွက်ပြေးရင် တပ်ရင်းမှာ ကျန်နေသူတွေကို အဝတ်ဗလာနဲ့ ထားတယ်။ နည်းပေါင်းစုံနဲ့ဆက်သွယ်ခိုင်းတယ်။ မရဘူးဆိုရင် ထမင်းအငတ်ထားတာ်။ ထွက်ပြေးတဲ့သူကိုလုံးဝဆက်သွယ်မရတော့ဘူးဆိုရင်တော့ အဝတ်ဗလာတွေနဲ့ထားပြီး အချင်းချင်းရိုက်ခိုင်းတာ။ လူသတ်ပွဲလုပ်တာမျိုး”လို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။
အတည်မပြုနိုင်တဲ့သတင်းတွေအရ စစ်မှုထမ်းအချင်းချင်းရိုက်နှက်ခိုင်းမှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ တစ်ဦး၊ ဖေဖော်ဝါရီမှာ တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
ကွင်းကောက်မြို့က တန်းမြင့်လေ့ကျင်းရေးကျောင်းမှာလည်း အဆိုပါဖြစ်စဉ်မျိုးရှိနေတယ်လို့ ဒေသခံတွေကြားမှာ သတင်းတွေထွက်ပေါ်နေပါတယ်။
စစ်ကောင်စီတပ်ရင်းတွေထဲမှာ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေရှိနေသလို ရှေ့တန်းမှာလည်း စစ်မှုထမ်းသင်တန်းဆင်းတွေကို ရိုက်နှက်တာတွေ၊ သတ်ဖြတ်တာတွေရှိနေတယ်လို့ တော်လှန်ရေးတပ် တွေခံ အလင်းဝင်ခဲ့သူတွေကထုတ်ဖော်ပြောကြားထားပါတယ်။
” ကျတော်တို့ ပစတွေအတော်များများက အရှေ့ဆုံးပွိုင့်မှာ ဆင်းရတာများပါတယ်။ အရှေ့မှာ ဘယ်သူမှမရှိဘူး။ ကျတော်တို့ ပစတွေပဲရှိတယ်။ ရန်သူနဲ့ မျက်နှာချင်းဆုံရင် ပစ်ရင်၊ ရန်သူ့ဖက်က ပစ်အားများလို့ ကျတော်တို့ ဆုတ်လာရင် အရာရှိများက၊ အရာခံတွေက မင်းတို့ဘာလို့ဆုတ်လာတာလဲဆိုပြီး ပစ်တာများတယ်။ ကျတော့်ရှေ့မှာတင် သူငယ်ချင်းတစ်ယောက်က နောက်က အရာရှိပစ်လို့ နောက်စေ့ပွင့်သွားတယ်” လို့ ၂၀၂၅ ခုနှစ် ဇူလိုင်မှာ အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။
ရှေ့တန်းကနေ ထွက်ပြေးသူတွေကို ပြန်ဖမ်းမိပါက ရှေ့တန်းစစ်ပြေပြင်တိုက်ပွဲကြားမှာ ကြိုးတုပ်ထားကတာတွေ၊ စစ်မတိုက်ချင်လို့ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် ပြန်ပစ်သူ တွေကိုလည်း ဆေးမကုဘဲ ချုပ်နှောင်ထားတာတွေလုပ်တယ်လို့ ၎င်းက AAထံထွက်ဆိုခဲ့ပါတယ်။
နှိပ်စက်ခံရတဲ့ ပြည်သူ့စစ်သက်တန်းဆင်းတစ်ဦးက စစ်ကောင်စီအရာရှိကို ဝါးရင်းတုတ်နဲ့ ရိုက်သတ်ခဲ့သလို ၎င်းပြည်သူ့စစ်သက်တန်းဆင်းကိုလည်း စစ်ကောင်စီတပ်က ပြန်ရိုက်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း လေးမျက်နှာမြို့နယ်နဲ့ သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။စစ်ကောင်စီတပ်က ဧရာဝတိုင်းမှာ စစ်သားစုဆောင်းနိုင်ဖို့ ဖမ်းဆီးတာတွေ၊ ပေါ်တာစွဲတာတွေ ပိုလုပ်နေပါတယ်။
” တစ်ညကို ၁၅ယောက်ရှာရမယ်ဆိုပြီး တိုင်းက အမိန့်နဲ့ လာတာ။ ည ၈နာရီနောက်ပိုင်းဆို မထွက်ရဲကြတော့ဘူး။ အကုန်ပတ်ဆွဲတာ။ ပိုက်ဆံနဲ့ လိုက်ရွေးရင် သိန်း ၅၀ကနေ ၁၀၀ကြားပေးရတယ်။ညှိလို့မရတာကများတယ်”လို့ ဇလွန်မြို့ခံတစ်ဦးက ပြောပါတယ်။
မြို့နယ်တိုင်းမှာ ပျူစောထီးတွေက ညစဉ် စုရပ်သတ်မှတ်ပြီး လူလိုက်ဖမ်းနေတာလို့ သိရပါတယ်။
စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ပြီး မြန်မာပြည်အနှံ့မှ လူငယ်တွေကို ရှေ့တန်းစစ်မြေပြင်ပို့နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကိုခံရပြီး အလင်းဝင်လိုပါက အချိန်မရွေး ကြိုဆိုနေပြီး ဘက်ပြောင်းလာသူတိုင်း၏ အသက် နှင့် လုံခြုံမှုရရှိစေရေးကို အာမခံတယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း အခုဆိုရင် အပတ်စဉ် (၂၂)ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ အပတ်စဉ် တစ်ခုကို လူဦးရေ ၅,၀၀၀ စုဆောင်းမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
(စစ်မှုထမ်းဖို့အတွက် စစ်တပ်ရဲ့ မတရားစုဆောင်ခံရတဲ့သူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ – စစ်ကောင်စီ)