အာဏာအလွဲသုံးစားမှုကို ဟန့်တားရန် ဝန်ကြီးချုပ်သက်တမ်းကို ၂ ကြိမ်သာ ကန့်သတ်ရန် မလေးရှား စီစဉ်

The Straits Times

မလေးရှားတွင် ဝန်ကြီးချုပ်တဦး၏ သက်တမ်းကို အများဆုံး နှစ်ကြိမ်သာ ထမ်းဆောင်ခွင့်ပြုမည့် ဥပဒေအသစ်တရပ်ကို ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်အဆိုပြုလိုက်သည်။

ယင်းဥပဒေသည် အုပ်ချုပ်ရေးအာဏာ အလွဲသုံးစားလုပ်မှုကို ဟန့်တားရန်နှင့် အစိုးရ၏ တာဝန်ခံမှုကို အားကောင်းစေရန် ရည်ရွယ်သည့် သမိုင်းဝင် ခြေလှမ်းတခုဖြစ်သည်။

လက်ရှိအချိန်အထိ မလေးရှားတွင် ဝန်ကြီးချုပ်တဦး တာဝန်ထမ်းဆောင်နိုင်သည့် သက်တမ်းအပေါ် ကန့်သတ်ချက် တစုံတရာ မရှိသေးပေ။

မလေးရှားခေါင်းဆောင်ဟောင်း မဟာသီယာ မိုဟာမက်သည် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ တကြိမ်၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တကြိမ်၊ စုစုပေါင်း သက်တမ်းနှစ်ခုအတွင်း ၂၄ နှစ်ကြာ အာဏာရ ယူခဲ့ဖူးသည်။

လက်ရှိ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် အဂတိလိုက်စားမှုကို နှိမ်နင်းရန်နှင့် အုပ်ချုပ်ရေးယန္တရား ပိုမိုကောင်းမွန်ရန် တောင်းဆိုမှုများ ပြင်းထန်လာချိန်တွင် ဝန်ကြီးချုပ်သက်တမ်းကို နှစ်ကြိမ်သာ ကန့်သတ်မည့် အစီအစဉ်ကို တွန်းအားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလက ကြေညာခဲ့သည်။

အန်ဝါ၏ အာဏာရ Pakatan Harapan မဟာမိတ်အဖွဲ့သည် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်လည်း ဝန်ကြီးချုပ်သက်တမ်းကို နှစ်ကြိမ်သာ ကန့်သတ်မည်ဟု ကတိပြုခဲ့ဖူးသည်။

သို့သော် ပြုပြင်ပြောင်းလဲမှုများမှာ နှေးကွေးလွန်းလှသည်ဟု ဝေဖန်မှုများ ရှိနေကြောင်း ဒေသတွင်းသတင်းများက ဖော်ပြကြသည်။ ယခုဥပဒေသည် ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ မြို့ပြမဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ပြန်လည်ရယူရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်ခံနေရသည်။

ပြီးခဲ့သည့် သီတင်းပတ်က အန်ဝါက အကယ်၍ ယင်းဥပဒေကို အကောင်အထည်ဖော်ဖြစ်ပါက သူ့ကိုယ်သူ ပထမဆုံး စတင်ကန့်သတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အန်ဝါက ဝန်ကြီးချုပ်တဦးအနေဖြင့် မိမိ၏ တာဝန်ဝတ္တရားများကို ထိရောက်စွာ ထမ်းဆောင်နိုင်ရန် အတွက် ၁၀ နှစ်ဆိုသည့်ကာလမှာ လုံလောက်မှုရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

“ကျွန်တော်က တခြားသူတွေအတွက်ပဲ ဥပဒေလုပ်နေတာ မဟုတ်ပါဘူး။ ဒီဥပဒေက ကျွန်တော့်အပေါ်မှာ အရင်ဆုံး သက်ရောက်မှု ရှိရပါမယ်” ဟု သူက ဆိုသည်။

ဤအဆိုပြုထားသော အပြောင်းအလဲသည် ဥပဒေအဖြစ် အတည်ဖြစ်လာရန်အတွက် အောက်လွှတ်တော်ရှိ အမတ်နေရာ ၂၂၂ နေရာအနက် အနည်းဆုံး သုံးပုံနှစ်ပုံဖြစ်သော အမတ် ၁၄၈ ဦး၏ ထောက်ခံမှု လိုအပ်မည်ဖြစ်သည်။

လက်ရှိတွင် မလေးရှားပါလီမန်တွင် အမတ်အများစု၏ ထောက်ခံမှုကို ရရှိထားသရွေ့ ဝန်ကြီးချုပ်တဦး တာဝန်ထမ်းဆောင်နိုင်သည့် သက်တမ်းနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင် ကန့်သတ်ချက် တစုံတရာ မရှိသေးပေ။

The Straits Times မှ Malaysia mulls over law to curb premiership to two terms အား သောမတ်ဘာသာပြန်သည်။