ရန်ကုန်မြို့လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်နိုင်





ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုသည် ကျန်းမာရေးထိခိုက်နိုင်သည့်အခြေအနေတွင်ရောက်ရှိနေကြောင်း World Air Quality Index (AQI) က ဖော်ပြထားသည်။
လက်ရှိ၌ ရန်ကုန်မြို့သည် လေထုညစ်ညမ်းမှု၌ အဆင့် (၁၁) ၊ ညွှန်းကိန်းအဆင့် (၁၆၄) တွင်ရှိနေသည်။
နိုင်ငံတကာလေထုအရည်အသွေးညွှန်းကိန်း (Air Quality Index – AQI) အဆင့်အရ ညွှန်းကိန်း အဆင့် (၁၅၁ မှ ၂၀၀) ကြားသည် ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့် အခြေအနေဖြစ်သည်ဟုလည်း သိရသည်။
“လေဖိအားနည်းရပ်ဝန်းလည်းရှိနေတော့ မိုးအုံ့နေတယ်ပဲထင်တာ၊ မနေ့ကနဲ့ ဒီနေ့ဆို air pollution ဖြစ်တာ တော်တော်သိသာတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမူ လေထုအတွင်းအမှုန်အမွှားပါဝင်မှုနှုန်း PM2.5 သည် လေထုတွင်း နေ့စဉ်ပါဝင်မှု ၂၅ မိုက်ခရိုဂရမ်/ကုဗမီတာကျော်လျှင် အန္တရာယ်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
လေထုညစ်ညမ်းမှုကြောင့် အသက်ရှူကြပ်ခြင်း၊ မျက်စိစပ်ခြင်း၊ အသားအရည်ခြောက်သွေ့ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဖိစီးခြင်း၊ လည်ချောင်းစပ်ခြင်း၊ အဆုတ်ထိခိုက်ခြင်း၊ မောပန်းလွယ်ခြင်းစသည့် ကျန်းမာရေးပြဿနာများကိုလည်း ရင်ဆိုင်ရနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်သူများက အသိပေးပြောဆိုထားသည်။
ဓာတ်ပုံ-ပေါ်ပြူလာနယူးစ်