စျေးကွက်အတွင်း ငွေစက္ကူ ရှားပါးလာပြီး
KPay အပါအဝင် အွန်လိုင်းငွေပေးချေမှုနဲ့
အရောင်းအဝယ်မလုပ်တာတွေပါရှိလာ
ဖေဖော်ဝါရီ−၂၃၊ ၂၀၂၆။နေ့သစ်/Peoples Spring
ဘဏ်တွေက အကန့်အသတ်နဲ့ ငွေသားထုတ်ပေးနေတာကြောင့် စျေးကွက်အတွင်းမှာ ငွေစက္ကူ ရှားပါးလာပြီး အရောင်းအဝယ်လုပ်တာမှာ Kpay အပါအဝင် အွန်လိုင်းငွေပေးချေမှူဆိုရင်တချို့ကအလက်မခံတာတွေရှိလာတယ်လို့စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ပြည်သူတွေကပြောပါတယ်။
စျေးကွက်အတွင်း ငွေစက္ကူရှားပါးလာတာကြောင့် စျေးဆိုင်တချို့က E-Money အွန်လိုင်းကနေငွေပေးချေတာ( ဥပမာ Kpay ၊ ဘဏ်အကောင့်တွေကနေ ငွေပေးချေတာ)ကိုလက်မခံဘဲ ငွေသားနဲ့ပေးချေနိုင်မှသာ အရောင်းအဝယ်လုပ်ရတယ်လို့လုပ်ငန်းရှင်အချို့ကပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဗဟိုဘဏ်ကနေ အစိုးရ၊ပုဂ္ဂလိက ဘဏ်တွေကနေတဆင့်
ငွေကြေးစျေးကွက်ကို တိုက်ရိုက်ပိုထိန်းချုပ်မှုတွေလုပ်လာတာဖြစ်ပါတယ်။
“အခုလဆန်းက ထင်တယ်။UMFCCI (ကုန်သည်စက်မှုအသင်းချုပ်)မှာ လုပ်တဲ့အစည်းအဝေးမှာ ဗဟိုဘဏ်ဥက္ကဌ ပြောတဲ့ ငွေထုတ်တာကို ကန့်သတ်ထိန်းချုပ်တယ်ဆိုတာကနေ စတာပဲ။အရင်က Special အကောင့်ဖွင့်ထားတဲ့သူတွေတောင် တိုင်ပတ်ကုန်တာ။တခါထုတ် ၂၀ ကနေ ၅၀ ပဲ။အရမ်းပိုင်တဲ့သူမှ ထုတ်ချင်တဲ့ အမောင့်ရဲ့တဝက်ပဲရတာ။အဲဒီတော့ ဘဏ်မဟုတ်တဲ့ ပြင်ပငွေကြေးစျေးကွက်မှာငွေလည်ပတ်မှု လျော့လာတော့တာပဲ။ငွေသားပဲသီးသန့်လက်ခံတယ်ဆိုတဲ့ အရောင်း
အဝယ် တွေတောင် အာဏာသိမ်းစက လို ပြန်ပေါ်လာတယ်”လို့ ရန်ကုန်မြို့က ကုန်စည်ဒိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒေါ်လာစျေး၊ရွှေစျေး အဆမတန်မြင့်တာလာတာကို ထိန်းချုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘဏ်တွေကနေ ငွေအကန့်အသတ်နဲ့ ထုတ်ယူခွင့်ကလည်း နည်းလမ်းမမှန်ဘူးလို့ သူက ပြောပါတယ်။
“ဒေါ်လာနဲ့ ရွှေကို ကစားတယ်ဆိုပြီး ငွေထုတ်တာကို အကြိမ်ကြိမ်ထိန်းချုပ်ခဲ့တာပဲ။ဖမ်းခံရတဲ့သူတွေတောင်ရှိတာ။စျေးလည်းမကျပါဘူး။တကယ်တော့ အခု ငွေထုတ်ယူတာကန့်သတ်မှုကအွန်လိုင်းစနစ်နဲ့ ပိုပြီးငွေလည်ပတ်အောင်ပဲ။အခု MMQR ဆိုတဲ့ ဒီဂျစ်တယ်ငွေ ပေးချေမှုက အဲဒါပဲ။ဗဟိုဘဏ်ကနေထိန်းချုပ်မယ့် စနစ်ပေါ့။ငွေကြေးစျေးကွက်တစ်ခုလုံးကို စောင့်ကြည့်နိုင်မှာမျိုး”လို့ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ဒါ့ပေမယ့် စစ်တပ်ဗဟိုဘဏ်က MMQR ငွေပေးချေစနစ်ကိုသုံးစွဲဖို့ဖိအားပေးနေပေမယ့်သုံးစွဲမှူနည်းနေပါတယ်။ ဒါကြောင့်လက်တလောအပြင်မှာ ငွေစက္ကူရှားပါးလာတာကြောင့်အရောင်း
အဝယ်လုပ်ကိုင်သူအချို့ဟာ ရပ်နားထားရတဲ့အထိ ဖြစ်လာတယ်လို့ စုံစမ်းသိရပါတယ်။
“ပြင်ဦးလွင်မှာ မြေကွက်ဝယ်တာ။ စပယ်ရှယ်နဲ့ပေးမှာမို့ မရောင်းတော့ဘူးတဲ့။ အခုက ငွေသားနဲ့ ဝယ်မှ အဆင်ပြေတာ”လို့ ပြင်ဦးလွင်မြို့က ပွဲစားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင်ရပ်ကွက်တွေအတွင်းက စျေးဆိုင်တချို့ဟာလည်း Kpayနဲ့ ပေးဆောင်ပါက စျေးသည်တချို့က လက်မခံကြောင်းလည်း ကြုံတွေ့ခဲ့ရသူက ဆိုပါတယ်။
“တနေ့က ကြက်ကြော်သွားဝယ်တာကေပေးနဲ့ ရှင်းမရဘူးပြောတယ်။ငွေသားပေးမှ ရတယ်တဲ့။ ငွေသားမပါဘူးဆို ဝယ်မရဘူးလားမေးတော့ မရဘူးပြောတယ်။ သူတို့က ခပ်ပြတ်ပြတ်ပဲ”လို့ ဖေဖော်ဝါရီ ၁၉ရက်က စျေးဝယ်ခဲ့သူတစ်ဦးက ပြောပါတယ်။
ဘဏ်မှာငွေထုတ်ယူခဲ့တဲ့ အသက်(၄၀)အရွယ်အမျိုးသမီးတစ်ဦးကလည်း “ဘဏ်တွေကလည်း ထုတ်မရဘူး။ သိန်းကိုထောင်နဲ့ချီထုတ်ယူမယ်ဆို နေ့တိုင်းဘဏ်သွားနေရတော့တာ။အရင်က အပြင်
မှာ ငွေစက္ကူပေါတာ။ အခု ဒီလပိုင်းကစပြီး ပြန်ရှားလာတာ”လို့ ပြောပါတယ်။
ငွေစက္ကူရှားပါးလာတာကြောင့် ရပ်ကွက်တွေအတွင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ခေတ်စားလာတဲ့ Kpay ကနေ ငွေထုတ်ယူရတဲ့အခါ ပေးရတဲ့ အခကြေးငွေဝန်ဆောင်ခတွေလည်း မြင့်တက်လာတယ်လို့ပြည်သူတွေကပြောပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့နယ်အချို့မှာတော့ Pay တွေကနေ ငွေထုတ်တာကို ၁ ရာခိုင်နှုန်းအထိ ငွေထုတ်ခပေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“မြေနီကုန်းကဆိုင်မှာငွေထုတ်တာ တစ်သိန်းကို တစ်ထောင်တောင်းတယ်။ နောက်တစ်ဆိုင်က ၈၀၀ တောင်းတယ်။ ဘဏ်တွေမှာငွေထုတ်ဖို့ တန်းစီနေရလို့လို့တော့ပြောတာပဲ” လို့ အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။
ဒါပေမယ့်ကမာရွတ်မြို့နယ်က ကေပေးထုတ်ပေးတဲ့ဆိုင်အများစုမှာတော့ တစ်သိန်းကို ငွေထုတ်ခ ၃၀၀ ကျပ်ပဲပေးရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဘဏ်စာရင်းတွေ ၊ မိုဘိုင်းငွေကြေးစာရင်းတွေရဲ့ အချက်အလက်နဲ့ တိုက်ဆိုင်စစ်ဆေးဖို့အတွက် နိုင်ငံသားတွေရဲ့ မှတ်ပုံတင်နဲ့ပါချိတ်ဆက်မယ့် e-KYC VMS စနစ်ကို အကောင်အထည်ဖော်မယ်လို့ စစ်တပ်ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဇန်နဝါရီက ဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကျပ်ငွေတန်ဖိုးဟာ ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းပြီး ငွေဖောင်းပွခဲ့တယ်လို့ အရပ်သားအစိုးရရဲ့ အကြံပေးစီးပွားရေးပညာရှင် ဒေါက်တာရှောင်တာနားကပြောကြားထားပါတယ် ။
(စစ်တပ်အာဏာသိမ်းမှုကြောင့်ပြည်သူတွေရဲ့ငွေတွေမှာ ၈၀ ရာခိုင်နှုန်းကျော်တန်ဖိုးကျဆင်းခဲ့ပါတယ်။ဓါတ်ပုံ-AFP)