NP သတင်းဌာနရဲ့ သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းကို ရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်းသွင်း

NP သတင်းဌာနရဲ့ သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းကို ရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်းသွင်း
ဖေဖော်ဝါရီ ၂၀ – ၂၀၂၆
SN (VOM)
NP သတင်းဌာနမှ သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်း သွင်းလိုက်တယ်လို့ အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။
ကိုကျော်မျိုးမင်းဟာ ရုပ်ရှင်အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီမှုမရှိတဲ့ အသုံးအနှုန်းတွေ၊ သုံးစွဲခြိမ်းခြောက် ကြိမ်းမောင်းခြင်း၊ ခိုင်မာတိကျမှု မရှိ၊ မှန်ကန်မှုမရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး သိက္ခာကျအောင် စွပ်စွဲပြောဆိုခြင်း‌တွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်တဲ့အချက်​တွေအရ သိရပါတယ်။
ဒါကြောင့် ကိုကျော်မျိုးမင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်အနုပညာရှင်တွေရဲ့ မိတ်ဖက်အဖြစ်မှ ပယ်ဖျက်ကာ အမည်ပျက်စာရင်း တင်သွင်းရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“မီဒီယာတွေက ရိုးရိုးသားသားဆို ကျွန်တော်တို့ လေးစားပြီးသားပါ။ အခုက တော်တော်ကို တရားလွန်လွန်းလာလို့ အမည်ပျက်စာရင်း သွင်းရတာ” လို့ ဦးကြည်စိုးထွန်းက VOM ကို ပြောပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကို လိပ်မူထားတဲ့ စာတစောင်မှာ NP News ရဲ့ သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းဟာ ၄င်းရဲ့ သတင်းတင်ဆက်မှုတွေမှာ ရုပ်ရှင်အနုပညာရှင်တွေ၊ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ တခြားမိတ်ဖက် အနုပညာရှင်တွေကို သတင်းလွတ်လပ်ခွင့် ဆိုတဲ့ ဘောင်ကိုကျော်လွန်ကာ ပုဂ္ဂိုလ်ရေး စော်ကားမှုတွေ ပြုလုပ်ခြင်း၊ ရုပ်ရှင်အစည်းအရုံးရဲ့ ဂုဏ်သိက္ခာကို ထိပါးတဲ့ ပြောဆိုတင်ဆက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ အစည်းအရုံးဝင် အနုပညာရှင်တွေက ကိုကျော်မျိုးမင်းကို အရေးယူပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့၊ နေ့လယ် ၁ နာရီမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ၅/၂၀၂၆ အပတ်စဉ် အစည်းအဝေးမှာ တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ကိုကျော်မျိုးမင်းဟာ အနုပညာရှင်တွေကို ပြည့်တန်ဆာသဖွယ် ကိုယ်နဲ့ရင်းပြီး လုပ်ကိုင် စားသောက်နေကြတဲ့သူတွေလို့ အကြိမ်ကြိမ် ပုတ်ခတ် ပြောဆိုခြင်းအပြင် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနဲ့ အမှုဆောင်အဖွဲ့ရဲ့ ဂုဏ်သိက္ခာ ထိပါးစေတဲ့ စကားလုံးတွေလည်း သုံးနှုန်း ပုတ်ခတ်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒါအပြင် နိုင်ငံတော်အစိုးရနဲ့အတူ ပူးပေါင်း ဆောင်ရွက်ကြတဲ့ ရုပ်ရှင် အနုပညာရှင်တွေကိုလည်း ရန်သူသဖွယ် သဘောထားပြောဆိုခြင်း၊ ခြိမ်းခြောက် ကြိမ်းမောင်းခြင်းတွေကိုလည်း အကြိမ်ကြိမ် ပြောဆိုခဲ့တာကို သုံးသပ် တွေ့ရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကို လိပ်မူထားတဲ့စာအရ သိရပါတယ်။
ဒါကြောင့် ကိုကျော်မျိုးမင်းကို ဥပဒေကြောင်းအရ တရားစွဲဆိုအမှုဖွင့်ခြင်း (ဒါမှမဟုတ်) မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်လောကသားတွေက အမည်ပျက်စာရင်းတင်သွင်းခြင်း၊ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အများနဲ့ သက်ဆိုင်တဲ့ ပွဲတွေ လာရောက်ခွင့်ကို တားမြစ်ခြင်းဖြင့် အရေးယူပေးနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အစည်းအဝေး ဆွေးနွေးချက်အရ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင် အနုပညာရှင်တွေဟာ အရင်ခေတ်ကာလ အဆက်ဆက်ကတည်းက စာနယ်ဇင်းတွေနဲ့ ချစ်ခင်ရင်းနှီးစွာ မိတ်မပျက် ဆက်ဆံခဲ့ကြတဲ့ အစဉ်အလာကောင်းကို ထောက်ရှုပြီး ကိုကျော်မျိုးမင်းကို ဥပဒေကြောင်းအရ အမှုဖွင့်ခြင်း၊ တရားစွဲဆိုခြင်းတွေ မပြုလုပ်ဘဲ အမည်ပျက်စာရင်းသွင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါကြောင့် အဲဒီလို အမည်ပျက်စာရင်း သွင်းထားတဲ့ ပုဂ္ဂိုလ်ကို ရုပ်ရှင်လောကနဲ့ ဆက်စပ်တဲ့ အခမ်းအနား၊ ပွဲလမ်းတွေကို တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
တခြားမိတ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့လည်း ရုပ်ရှင်အနုပညာနဲ့ဆိုင်တဲ့ ပွဲ‌တွေ၊ အခမ်းအနားတွေကို ၄င်းပုဂ္ဂိုလ်ကို ဖိတ်ကြားမယ်ဆိုပါက ၄င်းကြောင့် စိတ်နှလုံးမချမ်းမသာ ဖြစ်ကြရတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင် အနုပညာရှင်တွေကို ဖိတ်ကြားခြင်း မပြုလုပ်ကြဖို့ကိုလည်း အသိပေး မေတ္တာရပ်ခံဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင် အနုပညာရှင်တွေဟာ သတင်းလွတ်လပ်ခွင့်ကို လေးစားပြီးသားဖြစ်ပေမယ့် သတင်းလွတ်လပ်ခွင့်ဟာ တခြားသူတဦးကို ပရမ်းပတာ စော်ကားခွင့်ပြုခြင်း မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ NP သတင်းဌာနမှ သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းကို VOM က ဆက်သွယ်မေးမြန်းခဲ့တာမှာ “ဒီစာက ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်တွေအားလုံး သဘောတူ လက်မှတ်ထိုးထုတ်တာလား။ လူတစုတဖွဲ့က ထုတ်တာလား။ နစ်နာတယ်ဆိုတဲ့ အနုပညာရှင်တွေက လက်မှတ်ထိုး တောင်းဆိုလို့ ထုတ်တာလား။ လူတစုရဲ့ သဘောထားလား ကျွန်တော် ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။ အဲဒီလိုမှ မသိရရင် ကျွန်တော်ဘက်က မှတ်ချက် တစုံတရာပေးဖို့ စောပါသေးတယ်” လို့ ပြောပါတယ်။
Photo – CJ