မြစ်ကြီးနားလေဆိပ်တွင် ​MNA လေကြောင်းလိုင်းမှ ပြည်တွင်းခရီးသည်တင်လေယာဉ် ဗုံးထိမှန်၍ လေကြောင်းခရီးစဉ်အားလုံး ရုပ်သိမ်း၊ KIA က အရပ်ဘက်လေယာဉ်ကို ပစ်ခတ်စရာ အကြောင်းမရှိဟု ပြော

မြစ်ကြီးနားလေဆိပ်တွင် ​MNA လေကြောင်းလိုင်းမှ ပြည်တွင်းခရီးသည်တင်လေယာဉ် ဗုံးထိမှန်၍ လေကြောင်းခရီးစဉ်အားလုံး ရုပ်သိမ်း၊ KIA က အရပ်ဘက်လေယာဉ်ကို ပစ်ခတ်စရာ အကြောင်းမရှိဟု ပြော
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း-​MNA မှ ပြည်တွင်းခရီးသည်တင်လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် အမြီးပိုင်းတို့မှာ ဗုံးထိမှန်၍ လေ ကြောင်းခရီးစဉ်အားလုံး ရုပ်သိမ်းလိုက်ကြောင်း မြစ်ကြီးနားအခြေစိုက် လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်တွင် မြစ်ကြီးနားမှ ထွက်ခွာမည့် MNA လေယာဉ်၏ အမြီးပိုင်းတွင် ဗုံးထိမှန်ခဲ့ကြောင်း၊ ယင်းနောက် လေကြောင်းခရီးစဉ်များအားလုံးကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ကြောင်း သိရှိရသည်။
“ဒရုန်းဗုံးလား၊ လက်နက်ကြီးလားတော့မသိဘူး။ လေယာဉ်အမြီးပိုင်း၊ ခေါင်းနဲ့ ကိုယ်ထည်ကို ထိသွားတာ။ မီးလောင်သွားတယ်။ လေကြောင်းခရီးစဉ်တွေတော့ ရပ်ကုန်ပြီ” ဟု မြစ်ကြီးနားမှ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက KIA စစ်ရေးသတင်းရင်းမြစ်ကို ဆက်သွယ်ရာ KIO/KIA အနေဖြင့် အရပ်ဘက်လေဆိပ်နှင့် အရပ်ဘက်လေယာဉ် တိုက်ခိုက်စရာ အကြောင်းလုံး၀ မရှိဘဲ စစ်တပ်က KIA အပေါ် ပြည်သူများ အထင်လွဲစေရန် စနစ်တကျ လုပ်ကြံကြံစည်မှု ဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
“မြစ်ကြီးနားမှာ မြစ်ဆုံစီမံကိန်း စဖို့ လူထုတွေ့ဆုံပွဲဆိုတာကို လာလုပ်နေတဲ့အချိန်လည်းဖြစ်တယ်။ KIA အနေနဲ့က အရပ်ဘက်ပစ်မှတ်ကို တိုက်ခိုက်စရာ အကြောင်းမရှိပါဘူး။ အရပ်ဘက်လေယာဉ်ကို တိုက်ခိုက်ပြီးတော့ KIA အပေါ် လူထုကို အထင်လွဲစေအောင် လုပ်ကြံတာမျိုးပဲ” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ ၁၂ မိနစ်အချိန် စစ်တပ်ကမူ မြစ်ကြီးနားမှ မန္တလေးသို့ ပျံသန်းမည့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72-600 အမျိုးအစား အရပ်ဘက်ခရီးသည်တင်လေယာဉ်ကို KIA/PDF က ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း တစ်ဖက်သတ် စွပ်စွဲသတင်းထုတ်ပြန်ထားသည်။
ဖေ​ဖော်ဝါရီ ၁၂ ရက်နေ့ကလည်း မြစ်ကြီးနားလေဆိပ်တွင် FPV suicide ဒရုန်းဖြင့် များ ကျရောက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က KIA/PDF ၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။