



𝐁𝐫𝐞𝐚𝐤𝐢𝐧𝐠 𝐧𝐞𝐰𝐬
ဗိုလ်နဂါး စစ်တပ်ထံ လက်နက်ချ
ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဦးဆောင်သူ ဗိုလ်နဂါးသည် စစ်တပ်ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း စစ်ကော်မရှင်က ယနေ့ ထုတ်ပြန်သည်။
ဗိုလ်နဂါးသည် ၎င်း၏မိသားစုဝင်များနှင့်အတူ ယနေ့ ညနေ ၄ နာရီ ၅၀ ခန့်တွင် ပုလဲမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် စစ်တပ်စခန်းတခုထံ လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ပုလဲမြို့နယ်ရှိ BNRA တပ်စခန်းအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းများက ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် စီးနင်းခဲ့ရာ တိုက်ပွဲများပြင်းထန်ခဲ့ပြီး နေ့လယ်ပိုင်း၌ စစ်တပ်မှ ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲခဲ့သေးသည်။
PDF နေရာများအား ဗိုလ်နဂါးက စစ်တပ်ထံသတင်းပေးပြီး ဗုံးကြဲခိုင်းခဲ့သည်ဟု သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ ၎င်းက ငြင်းဆန်ခဲ့ပြီးနောက် ယခုညနေပိုင်းတွင် ဗိုလ်နဂါး အလင်းဝင်သွားကြောင်း စစ်တပ်က ထုတ်ပြန်လာခြင်း ဖြစ်သည်။
ဗိုလ်နဂါးဦးဆောင်သည့် BNRAတပ်သည် လူထုအပေါ် ဖိနှိပ်မှုနှင့် ရာဇဝတ်မှုများအပြင် NUG လက်အောက်ခံ အရပ်ဘက် ဝန်ထမ်းများအပေါ် ကျူးလွန်ထားသည့် ပြစ်မှုများကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကို အကူအညီတောင်းပြီး ဖမ်းဆီးအရေး ယူနိုင်ရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောထားသည်။
ဓာတ်ပုံ – SAC