ဗိုလ်နဂါးနဲ့အဖွဲ့ဟာသက်ငယ်မုဒိမ်းမှု၊လူသတ်မှု တွေအပါအဝင်အမှု ၇မှုကျူးလွန်ထားလို့ အရေး
ယူခဲ့ကြောင်း NUG ထုတ်ပြန်



■BNRAတပ်ဖွဲ့ဝင်၁၅၀ ခန့်အဖမ်းခံတာ၊ပူးပေါင်းတာ၊ လက်နက်အပ်တာရှိကြောင်းအသိပေး
■ ဗိုလ်နဂါးစစ်တပ်နဲ့ပူးပေါင်းသွားပြီးနောက်စစ်
တပ်ကပုလဲနယ်ကိုဗုံးကြဲ၊နဂါးနဲ့ချိတ်ဆက်ဖူးသူတွေရဲ့အချက်အလက်တွေကိုစစ်တပ်ရသွားမှာမို့ လုံခြုံရေးသတိထားကြဖို့ဦးနေဘုန်းလတ်အကြံပြု
ဖေဖော်ဝါရီ-၁၈၊၂၀၂၆။နေ့သစ်/People’s Spring
အာဏာသိမ်းစစ်တပ်ထံဖေဖော်ဝါရီ ၁၈ရက်မှာ ပူးပေါင်သွားတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးအပါအဝင် တပ်ဖွဲ့ဝင်တွေ ရာဇဝတ်ပြစ်မှုကျူးလွန်မှုခဲ့တာတွေကို တိုင်တန်းချက်များ ရှိလို့ အရေးယူဆောင်ရွက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်
ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်နဂါးနဲ့အဖွဲ့ ကျူးလွန်တယ်လို့တိုင်တန်းခံရတဲ့ အမှုဖြစ်စဉ်တွေကတော့ မုဒိမ်းကျင့်ရန်ကြံစည်သည်ဟု စွပ်စွဲကာ လူသတ်အလောင်းဖျောက်သည့်အမှု ၁မှု၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃) တပ်ဖွဲ့ဝင် မင်းထက်နိုင်အား သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှု ၁မှု၊ ပကဖ ရဲဘော် (၁၀) ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်တာ၊ နှိပ်စက်တာ ၁မှု ၊ အမျိုးသမီးငယ် (၂) ဦးအား သက်ငယ်မုဒိမ်းမှုကျူးလွန်တာ၁မှု၊ ဥယျာဉ်နယ်မြေမှာ ဆင်မပိုးအိစံကိုသတ်ဖြတ်ခုတ်ထစ်မီးရှို့တာ၁မှု၊ NUG ဂိတ်စခန်းအား စီးနင်းပြီး တာဝန်ရှိသူတွေကို ရိုက်နှက် ဖမ်းဆီးတာ ၁မှု၊ ယင်းမာပင်ခရိုင် တပ်
ရင်း (၄) မှ PDF ရဲဘော်ဂတုံးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ၁ မှု စုစုပေါင်း အမှု ဖြစ်စဉ် ၇ခု ရှိပြီး အချို့ အမှုတွေကို သက်ဆိုင်ရာပလဖစခန်းတွေမှာ အမှု ဖွင့်ထားပြီးဖြစ်သလို အချို့က ပထမသတင်းပေးတိုင်တန်းချက်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိကြောင်း အသိပေးပါတယ်။
အဲဒီလို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်ပြစ်မှုတွေကို ပြည်သူ့ရဲတပ်ဖွဲ့က ရဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အညီအမှုဖွင့်ဆောင်ရွက်ရာမှာကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးနိုင်ရေး လွှဲပြောင်းအပ်နှံပေးဖို့ အ
ကြောင်းကြားခဲ့ပေမယ့် လွှဲပြောင်းပေးအပ်ခဲ့ခြင်း
မရှိတာကြောင့်ဖေဖော်ဝါရီလ၁၇ရက်နေ့မှာ ကာ
ကွယ်ရေးဝန်ကြီးဌာန အကူအညီနဲ့ ရာဇဝတ်ပြစ်မှုကျူးလွန်တယ်လို့ တိုင်ကြားခံရသူတွေကို စုံစမ်းစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။
တိုင်ကြားခံရသူတွေကို ဖမ်းဆီးထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်ရာမှာ BNRAတပ်ဖွဲ့ဝင်အချို့က အသာတကြည် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ပြန်လည်ခုခံခဲ့လို့ ပစ်ခတ်မှု အချို့ ဖြစ်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ BNRA တပ်ဖွဲ့ဝင်ရဲဘော်အချို့ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တာ အပြင် BNRA တပ်ဖွဲ့ဝင် ၁၅၀ ဦးခန့်ဟာ PDFနဲ့ပကဖတွေထံချိတ်ဆက်အဖမ်းခံတာ၊ လာရောက်ပူးပေါင်းဆောင်ရွက်တာ၊လက်နက် အပ်နှံတာတွေပြုလုပ်လျက်ရှိကြောင်းပြည်ထဲရေးဝန်
ကြီးဌာနက ထုတ်ပြန်ပါတယ်။
“နဂါးက ကျွန်တော်တို့ ဖမ်းဆီးဖို့ကြိုးစားနေချိန်မှာပဲ စစ်တပ်နဲ့ဆက်သွယ်ပြီးတော့ ရွာတစ်ရွာမှာ ချိတ်ဆက်ပြီး ရဟတ်ယာဉ်နဲ့ လာခေါ်သွားတယ်ဆိုတဲ့ သတင်းပေါ့။အဲဒီ့ဟာရပါတယ်။ ဒါပေမယ့်လည်း အဲဒီ့တုန်းက လူတွေက Mask တွေတပ်ထားတော့ ဘယ်သူတွေလဲဆိုတာက အတိအကျ ရာနှုန်းပြည့်မသေချာတဲ့အတွက်ကြောင့် ဒီသတင်းကို Confirm မလုပ်နိုင်သေးပဲစောင့်နေတာ။အခုတော့ စစ်ကောင်စီဘက်ကတရားဝင်ထုတ်ပြန်သွားပြီဆိုတော့ သေချာသွားပြီပေါ့။ လက်ရှိအ ခြေအနေအားဖြင့်တော့ ကျန်တဲ့ BNRA ရဲ့အခြားတပ်ဖွဲ့ဝင်တွေ အရေးကြီးတဲ့တပ်ဖွဲ့ဝင်တွေ အကုန်လုံးလိုလို PDF တွေကဖမ်းမိထားတာလည်းရှိတယ်။ တချို့လည်းလာရောက်အဖမ်းခံထားလည်းရှိတယ်။ တချို့ဆိုလည်း လာပြီးတော့ လက်နက်နဲ့ ပူးပေါင်းတာလည်းရှိတယ်။ ဒီအခြေအနေက တည်တည်ငြိမ်ငြိမ်တော့ဖြစ်သွားပါပြီဗျ”လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောပါတယ်။
“ဒါပေမယ့်တစ်ခုရှိတာက လောလောဆယ်ကိုပဲ ပုလဲဘက်မှာ ဗုံးကြဲတိုက်ခိုက်တာတွေ ဂျိုက်ရိုကော်တာတက်ပြီးတော့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပြီဖြစ်တယ်။အဲဒီတော့စစ်ကောင်စီဘက်ကိုပူးပေါင်းသွားတဲ့အတွက် ဒီပုလဲနဲ့ပတ်သက်တဲ့မြေပြင်သတင်းတွေရော သူနဲ့ ချိတ်ဆက်ခဲ့ဖူးတဲ့ သူတွေနဲ့ပတ်သတ်တဲ့ အချက်အလက်တွေရောက စစ်ကောင်စီဘက်က ရသွားမှာသေချာတယ်။ အဲဒီ့အတွက်ကြောင့် အားလုံးအနေနဲ့တော့ လုံခြုံရေးဂရုစိုက်ရမယ့်အခြေအနေလို့ပြောလိုပါတယ်။”လို့
ဦးနေဘုန်းလတ်ကဆက်ပြောပါတယ်။
NUG ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကိုမြန်မာ့မြေပေါ်မှ အ
မြစ်ဖြတ်တိုက်ထုတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့ကို ရည်မျှော်လျက် စိုးမိုးထိန်းချုပ် နယ်မြေတွေမှာ အုပ်ချုပ်ရေးစနစ်ထူထောင်တာ၊တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တာ တွေကို တာဝန်အရ ဥပဒေနဲ့အညီ ဆက်လက်ကိုင်တွယ်သွားမယ်လို့လည်း အသိပေးပါတယ်။
ဗိုလ်နဂါးနဲ့တပ်ဖွဲ့ဝင်တွေကျူးလွန်တဲ့အမှုဖြစ်စဉ်
တွေကို အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ထုတ်ပြန်မှုတွေကိုလည်း လိုအပ်သလို ဆက်လက် ထုတ်ပြန် သွားမယ်လို့ အသိပေးပါတယ်။
(ဗိုလ်နဂါးနဲ့ BNRAတပ်ဖွဲ့ဝင်အချို့။
ဓါတ်ပုံ-BNRA )