■Breaking News ဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဥ်နဲ့​ခေါ်ထုတ်သွား​ကြောင်းစစ်​ရေးရင်းမြစ် နဲ့ ဒေသခံ​တွေ​ပြော

■Breaking News
ဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဥ်နဲ့​ခေါ်ထုတ်သွား​ကြောင်းစစ်​ရေးရင်းမြစ် နဲ့ ဒေသခံ​တွေ​ပြော
​ဖေ​ဖော်ဝါရီ-၁၈၊၂၀၂၆။အိမ်သွင်/People’s Spring
BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ နောက်
လိုက်အချို့ ကို အာဏာသိမ်းစစ်တပ်က ရဟတ်
ယာဉ်နှစ်စီးနဲ့ ဒီက​နေ ည​နေပိုင်းမှာ ခေါ်ထုတ်သွားပြီးလို့ ​တော်လှန်​ရေးသတင်းရင်းမြစ်​တွေနဲ့ ​​ဒေသခံသတင်းရင်းမြစ်​တွေကပြောပါတယ်။
ဖေဖော်ဝါရီလ ၁၈ နေ့မနက်ပိုင်းမှာပုလဲမြို့အနီးက သေတ္တရာရွာကို ဝင်လာတဲ့စစ်ကြောင်းက နယ်မြေရှင်းလင်း‌ရေးအကူအညီပေးခဲ့ပြီး ရွာတစ်နေရာကို ရဟတ်ယာဉ်နှစ်စီးဆင်းပြီးတဲ့နောက် ဗိုလ်နဂါးနဲ့ နောက်လိုက်တွေကို ခေါ်ထုတ်သွားတာလို့ ဒေသခံ သတင်းရင်းမြစ်နဲ့စစ်​ရေးသတင်းရင်းမြစ် ၃ ဦးက ပြောပါတယ်။
” နဂါးကို စစ်တပ်က ခေါ်ထုတ်သွားပါပြီ။ confirm ပေးပါတယ်” လို့ စစ်ကိုင်းတိုင်းက PDF သတင်းရင်းမြစ်ကပြောပါတယ်။
ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်တချို့ကို စစ်တပ်က ရဟတ်ယာဉ်နဲ့ခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်း ရရှိထားတယ်လို့ ယင်းမာပင်ခရိုင်က တော်လှန်ရေးရဲဘော်တစ်ဦးကလည်း ပြောပါတယ်။
၎င်းက ” နဂါးက ခွေးတပ်နဲ့ ပေါင်းသွားပြီ။ သေတ္တရာဘက်ကနေ ခွေးတွေဝင်လာပြီး ဟတ်စကီးနဲ့ ခေါ်သွားတာ။ သူ့အမေတွေလည်း ပါသွားတယ်။ အရပ်ဝတ်နဲ့ မျက်နှာတွေကို မျက်နှာဖုံးစွပ်ပြီး ခေါ်သွားတာ။ ဟတ်စကီးတွေက ခပ်မြန်မြန်ဆင်းပြီး ပြန်တက်သွားတာ” လို့ ပြောပါတယ်။
သေတ္တရာရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား
၅၀ခန့်ဝင်ရောက်လာတာနဲ့ ရဟတ်ယာဉ်နှစ်စီးဆင်းသက်တာကို People’s Spring က မေးခဲ့တဲ့ဒေသခံ ငါးဦးက အတည်ပြုပါတယ်။
ပုလဲ ဘောလုံးကွင်းသို့ စစ်တပ်ရဲ့ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှလာတဲ့ Mi-17 သယ်ယူပို့​ဆောင်​ရေး ရဟတ်ယာဥ် တစ်စီးဟာ ဒီက​နေ ည​နေ ၄ နာရီ ၃၇ မိနစ်မှာဆင်းသက်ပြီး ၂ မိနစ်အကြာ ၄ နာရီ ၃၉ မိနစ်မှာပျံတက်သွားတယ်လို့ အခြားစစ်​ရေးသတင်းရင်းမြစ် က​လည်းပြောပါတယ် ။ ဗိုလ်နဂါး နဲ့အတူ ၎င်း၏ လူရင်းအချို့ ပါသွားတယ်လို့သတင်းရတယ်လို့လည်း ၎င်းကဆက်​ပြောပါတယ် ။
မြေပြင်မှာ BNRAတပ်ဖွဲ့ဝင်တွေ လက်နက်ချပူး‌ပေါင်းတာနဲ့ လက်နက်ဖြုတ်သိမ်းတာတွေ၊ စစ်ဆေးမေးမြန်းတာတွေ ဆက်လုပ်နေဝာယ်လို့ဆိုပါတယ်။
ပုလဲမြို့နယ်ထဲမှာရှိတဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေကဖေ
ဖော်ဝါရီလ၁၇ရက်မနက်ပိုင်းမှာစီးနင်းခဲ့တာပါ။
မနေ့က မနက် ၇နာရီခန့်ကနေ မနက် ၁၁ နာရီခန့်အထိတိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းပစ်ခတ်မှုတွေငြိမ်သက်သွားတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ပုပ္ပါရွာ နဲ့ ဇီးတောရွာကြားကို မနက် ၁၀နာရီခန့်မှာ တစ်ကြိမ်၊ နေ့ခင်း ၂နာရီခန့်မှာတစ်ကြိမ် စစ်တပ်က ဂျိင်ရိုကော့ပတာနဲ့ ဗုံးကြဲခဲ့ပါတယ်။ PDF တွေရဲ့ တည်နေရာကို ဗိုလ်နဂါးက စစ်တပ်ထံ သတင်းပေးပြီး ဗုံးကြဲခိုင်းတာလို့သတင်းနဲ့ထွက်ပေါ်ခဲ့ပေမယ့် ဗိုလ်နဂါးက ငြင်းဆန်ခဲ့ပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ ပစ်ခတ်မှုမရှိဘဲ ငြိမ်သက်နေပြီး BNRA တပ်ဖွဲ့ဝင်အချို့ လက်နက်အပ်ပြီး PDFထံ ပူးပေါင်းလာခဲ့ပါတယ်။BNRA တပ်ရင်း(၃) တပ်ရင်းမှူး ဗိုလ်မျက်လုံးကိုလည်း PDF တွေက ဖမ်းဆီးထားပြီး ဗိုလ်မျက်လုံးဦးဆောင်မှုအောက်က BNRA တပ်ဖွဲ့ဝင် ၃၀ခန့်က လက်နက်ချခဲ့တယ်လို့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။ BNRA တပ်ရဲ့ တပ်ရင်းမှူးတစ်ဦးဖြစ်တဲ့ တစ်ကိုယ်တော်သုဘရာဇာကလည်း တပ်ဖွဲ့ဝင်တွေနဲ့အတူ ကိုယ်တိုင်အဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဗိုလ်နဂါးက ယမန်နေ့ကအထိ လူမှုကွန်ရက်ပေါ်မှာ ရေးနေခဲ့ပေမယ့် ဒီနေ့မှာတော့ ည ၇နာရီခန့်အထိ ရေးသားမှု မတွေ့ရပါဘူး။
ဗိုလ်နဂါးဦးဆောင်တဲ့BNRAတပ်ဟာ လူထုအပေါ် ဖိနှိပ်မှုနဲ့ရာဇဝတ်မှုတွေအပြင် NUGလက်​အောက်ခံအရပ်ဖက်ဝန်ထမ်း​တွေအ​ပေါ် ကျုးလွန်ထားတဲ့ ပြစ်မှုတွေကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကို အကူအညီတောင်းပြီး ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်ရတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောထားပါတယ်။
” နဂါးကို စစ်တပ်က ခေါ်သွားပြီ။ ပုလဲနယ်တော်
လှန်ရေးက သန့်သွားပြီ။ မြေပြင်အခြေအနေကိုမသိဘဲ နဂါးကို ထောက်ခံနေသူတွေ အရှက်ကွဲသွားပြီ” လို့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။