ဒဂုံမြို့သစ်ဆိပ်ကမ်းနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ရဲနှင့် အုပ်ချုပ်ရေးမှူးများက လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေ

ဒဂုံမြို့သစ်ဆိပ်ကမ်းနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ရဲနှင့် အုပ်ချုပ်ရေးမှူးများက လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေ
ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၈
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် ၆၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးညွန့်ဝင်းနှင့်အဖွဲ့က မူးယစ်ဆေးဝါးရောင်းချသူများကို ဆက်ကြေးယူကာခွင့်ပြုထားပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ကာ ငွေညှစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၆၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ညွန့်ဝင်းနှင့်အဖွဲ့သည် ရပ်ကွက် အတွင်း၌ WY မူးယစ်ဆေးဝါးရောင်းချသူများကို ဆက်ကြေးယူကာခွင့်ပြုထားကြောင်း၊ မူးယစ်ဆေး ဝါးလာရောက်ဝယ်ယူသူလူငယ်များအပြင် ရပ်ကွက်အတွင်းနေလူငယ်များကိုပါ စစ်ဆေးပြီး ဖမ်းဆီး ကာ ငွေညှစ်နေကြောင်း၊ ငွေပေးနိုင်သူများကိုသာ ပြန်လွှတ်ပေးပြီး ငွေမပေးနိုင်သူများကို စစ်တပ် အတွင်းသို့ ပို့ဆောင်ကာ စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
“ရပ်ကွက်ထဲမှာက WY ဆေးရောင်းတဲ့သူတွေရှိတယ်။ သူတို့က လိုင်းကြေးပေးပြီးရောင်းနေတာ။ စစ်တာကတော့ လူငယ်တွေဆီမှာ မူးယစ်ဆေးဝါးရှိ၊ မရှိစစ်တာ။ မူးယစ်ဆေးတွေ့ရင် ရုံးခေါ်သွားပြီး ငွေနဲ့ပြန်ရွေးခိုင်းတယ်၊ ငွေပေးနိုင်ရင်တော့ ပြန်လွှတ်ပေးတယ်။ ငွေမပေးနိုင်တဲ့သူတွေဆိုရင် တပ်ထဲ ထည့်တာ။ ခံရတဲ့သူတွေ အယောက်ပေါင်းမနည်းတော့ဘူး။ ရပ်ကွက်ထဲမှာနေတဲ့ လူငယ်တွေပါ ခံရ တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ အမှတ် ၆၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးညွန့်ဝင်းသည် NLD အစိုးရလက်ထက်ကတည်း ရပ် ကွက်အုပ်ချုပ်ရေးမှူးလုပ်ကိုင်နေသူဖြစ်ပြီး လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးငွေညှစ်ရာတွင် ၎င်း နှင့်အတူ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများလည်း ပူးပေါင်းပါဝင်ကြောင်း သိရသည်။
ထို့အပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အထွက် ပငဂိတ်၌ တာဝန်ကျနေသော ရဲဝတုတ် (ခ) စိုးကျော် ကျော်က ခရီးသွားပြည်သူလူထုအပေါ် သေနတ်ဖြင့်ချိန်ရွယ်ခြိမ်းခြောက်ကာ အတင်းအကြပ် ငွေညှစ် နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
သံဖြူဇရပ်မြို့၊ မော်လမြိုင် – ရေး – ထားဝယ် လမ်းမပေါ် သံဖြူဇရပ်မြို့အထွက် ဝယ်သွယ်ချောင်း လမ်းဝဂိတ် (ခ) ပင ဂိတ်၌ တာဝန်ကျနေသော ရဲတပ်ကြပ်အဆင့်ရှိ ရဲဝတုတ်(ခ) စိုးကျော်ကျော် သည် ၎င်းကိုင်ဆောင်ထားသော ပစ္စတိုသေနတ်ဖြင့် ခရီးသွားပြည်သူလူထုကို ချိန်ရွယ်ကာ အတင်း အဓမ္မငွေညှစ်ခြင်း လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့အပြင် သံဖြူဇရပ်မြို့နေပြည်သူများကိုလည်း ဆိုင်ကယ် Without စီးသည်ဟုဆိုကာ နေအိမ်ပေါ်အထိ တက်ဖမ်းကာ ငွေကျပ် သိန်း ၆၀ မှ ကျပ် သိန်း ၁၀၀ အထိ တောင်းခံနေကြောင်း သိရသည်။
“တအားမိုက်ရိုင်းသောင်းကျန်းနေတာ။ လူငယ်တွေကို ဂိတ်မှာ ဖုန်းစစ်ပြီး ငွေညှစ်တယ်။ အမျိုးသမီး ငယ်တွေဆိုရင် ဖုန်း၊ ဆိုင်ကယ်တွေစစ်ပြီး သားပြော၊ မယားပြောပြီး ရိသဲ့သဲ့လုပ်တာတွေရော၊ ဂိတ် ကိုကျော်သွားတဲ့ကားတွေဆိုရင် ပစ္စတိုသေနတ်နဲ့ချိန်ပြီး လှည့်ပြန်ခိုင်းတာ၊ ညနေဘက်ရောက်ရင် သံဖြူဇရပ်မြို့နယ်ထဲက ကျေးရွာတွကို လှည့်သွားပြီး နှစ်လုံးထီရောင်းသူ၊ ဘိန်းစာရွက် သောက်သုံးသူတွေဆီက နေ ဆက်ကြေးကောက်တယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နည်းလမ်းမျိုးစုံဖြင့် ပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်မှုများ၊ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများထံသို့ တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ညပိုင်း ရပ်ကွက်များသို့ လှည့်လည်နေသည့် အကြမ်းဖက် စစ်တပ် လက်အောက်ခံရဲများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)