ရွှေပြည်သာအထည်ချုပ်စက်ရုံ မီးလောင်မှု ၂နာရီကျော်ကြာအထိ မီးငြှိမ်းသတ်ရ

ရွှေပြည်သာအထည်ချုပ်စက်ရုံ မီးလောင်မှု ၂နာရီကျော်ကြာအထိ မီးငြှိမ်းသတ်ရ
ဖေဖော်ဝါရီ-၁၈၊၂၀၂၆။ရောင်နီ၊သုည/People’s Spring

ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ မီးလောင်၊ ၂ ဦး သေဆုံး
ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် ငှက်ပျောတောလမ်းရှိ အထည်ချုပ်စက်ရုံတရုံတွင် ယနေ့ နေ့လယ် ၁၂ နာရီကျော်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၂ ဦး သေဆုံးခဲ့ကြောင်း ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ထုတ်ပြန်သည်။
ကနဦးသိရှိရသည့် အချက်အလက်များအရ စက်ရုံတခုလုံး မီးလောင်ကျွမ်းပြီး အလုပ်သမားနှစ်ဦး သေဆုံးခဲ့ကြောင်း၊ အသေးစိတ်အခြေအနေကိုမူ ဆက်လက်စုံစမ်း အတည်ပြုနေဆဲဖြစ်ကြောင်း သမဂ္ဂတာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
အဆိုပါ မီးလောင်သည့်စက်ရုံမှာ Straightex Co.,ltd အထည်ချုပ်စက်ရုံဖြစ်ပြီး Level 2 အဆင့်သတ်မှတ်ကာ တနာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MFSD

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုကို ၂နာရီကျော်ကြာသည်အထိ မီးငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ငြိမ်းတော့ မငြိမ်းသေးဘူး။ဘေးဆက်မကူးအောင်တော့ ထိန်းနိုင်ပါပြီ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက် နေ့လည် ၁၂ နာရီကျော်မှာ မီးလောင်မှုစတင်ခဲ့တာဖြစ်ပြီး Level 2 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေနဲ့ ငြှိမ်းသတ်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
နေ့လည် ၁ နာရီ ၄၀မိနစ်လောက်မှာ မီးထိန်းနိုင်တယ်လို့ ထုတ်ပြန်ထားပြီး မီးငြှိမ်းသတ်နိုင်ကြောင်း လက်ရှိအချိန်အထိထုတ်ပြန်တာတော့ မတွေ့ရပါဘူး။
အထည်ချုပ်စက်ရုံရဲ့ နှစ်ထပ်‌‌ဆောင် အောက်ထပ်မှာ လောင်နေတာဖြစ်ပြီး အထည်လိပ်တွေကိုလောင်နေတာလို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“မီးက တော်တော်များတယ်။ အထည်ချုပ်စက်ရုံအတွင်းပိုင်းမှာ လောင်တာပါ။ အတွင်းထဲက လှိုက်ပြီး လောင်တာဆိုတော့ မီးသတ်တွေလည်း တော်တော်ခက်ခက်ခဲခဲ ငြိမ်းသတ်နေရတယ်။ ၁ နာရီနီးပါးလောက်ကြာနေပြီ။ အခု​​မီးထိန်းနိုင်ပြီလို့ ပြောပေမယ့် အထဲမှာတော့ မီးခိုးတွေက ထွက်နေတုန်းပါပဲ။ အထည်ချုပ်စက်ရုံကတော့ နေ့လည်ထမင်းစားချိန် လောင်တာဆိုတော့ လူထိခိုက်တာ မရှိဘူးလို့တော့ သိရပါတယ်” လို့ မျက်မြင်တွေ့ရှိခဲ့သူ ပြည်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အင်းစိန်၊ မရမ်းကုန်း၊ လှိုင် အစရှိတဲ့ မြို့နယ်တွေမှ မီးသတ်ကားနဲ့ လူနာတင်ကားတွေ မီးလောင်တဲ့ ရွှေပြည်သာ ဝါးတစ်ရာစက်မှုဇုံဘက် သွားနေတာကို မြင်တွေ့ခဲ့ရကြောင်း အဌားယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။
မီးခိုးတွေများနေ‌တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေကိုယ်တိုင် ဝင်ရောက်မီးငြှိမ်းဖို့ ခက်ခဲနေတယ်လို့ မြေပြင်မှာ ရောက်ရှိနေတဲ့ လူမှူကူညီရေးအသင်းသားတစ်ဦးကပြောပါတယ်။
မီးငြှိမ်းသတ်နေရဆဲအခြေအနေဖြစ်တာကြောင့် ကျန်တဲ့အချက်အလက်‌တွေတော့ အတည်မပြုနိုင်သေးပါဘူး။
ဓာတ်ပုံ – MFSD