■ NUG တိုက်ခိုက်မှုကြောင့် BNRA ဗိုလ်နဂါး တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး
Western News| ဖေဖော်ဝါရီ ၁၇
ဗိုလ်နဂါး ဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်စခန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG တပ်ရင်းများမှ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုတွင် BNRA တပ်ဖွဲ့ဝင် ၁၀ သေဆုံးသွားကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်းက BNRA တပ်စခန်းများကို NUG ၏ ယင်းမာပင်ခရိုင်တပ်ရင်းများမှ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၇ နာရီခွဲကစ၍ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
BNRA ပြန်ကြားရေးတာဝန်ခံက “လောလောဆယ်မှာ ဥက္ကဌကြီး(ဗိုလ်နဂါး) တင်ထားသလိုပဲ အကြမ်းအဖျင်း စိစစ်လို့ရတဲ့ အပိုင်းပဲ ရှိပါသေးတယ်။ တချို့ဟာတွေကို စိစစ်လို့ မရသေးဘူး။ ရဲဘော် ၁၀ ယောက်လောက် ကျတာ ဟုတ်ပါတယ်ဗျ။ ကျနော်တို့ အကြမ်းအားဖြင့် ရီပို့စ်တွေအရ စိစစ်ရသလောက်ပါပဲ။ အခုလောလောဆယ်က အခြေအနေတွေက ရှုပ်ထွေးနေတုန်းမို့လို့ ကျနော်တို့ အသေးစိပ်အတည်ပြုဖို့ ခက်ပါသေးတယ်” ဟု Western News ကို ပြောသည်။
NUG တပ်ရင်းများ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သော ပုလဲမြို့နယ် ပုပ္ပါအနီးက BNRA တပ်စခန်းကို အာဏာသိမ်း စစ်ကောင်စီကလည်း လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BNRA ခေါင်းဆောင် ဗိုလ်နဂါးက လူမှုကွန်ရက်တွင် ရေးသား ထုတ်ပြန်ထားသည်။
BNRA ရဲဘော် ၁၀ ဦး သေဆုံးသွားသည်ကို ဗိုလ်နဂါးကလည်း ထပ်မံ အတည်ပြုထားသည်။
“တော်လှန်ရေးတာဝန်ကို မိသားစုပစ်ပြီး ထမ်းဆောင်ခဲ့ကြတဲ့ ကျနော်တို့ ရဲဘော် ၁၀ လောက် အသက်တွေ ဆုံးရှုံးလိုက်ရတယ်။ အခုအချိန် ဘယ်လို အဝန်းအဝိုင်းက လူတွေမသိပေမယ့် BNRA ကို အပြတ်တိုက်ဆိုပြီး ဝိုင်းအားပေးနေကြတယ်။ ကျနော်တို့ အပြတ်ကျသွားရင်လည်း အဲဒီဒဏ်ကို ပြည်သူတွေပါ ခံရတော့မယ်လို့ ကျနော် ကြိုပြောရဲပါတယ်။ မကျရင်တော့ ပြည်သူအတွက် ကျနော်တို့ အကောင်းဆုံး ဆက်ကြိုးစားမှာပါ။ ကျန်တာတော့ ကျနော်တို့အားလုံးရဲ့ ကံလို့ပဲ ဆိုရုံသာ” ဟု ဗိုလ်နဂါးက လူမှုကွန်ရက်တွင် ရေးသားထားခြင်းဖြစ်သည်။
NUG အနေဖြင့် ယခု ဝင်ရောက်စီးနင်း တိုက်ခိုက်မှုအပေါ် မျက်ကွယ်ပြုပြီး စစ်ရေးနှင့် ဖြေရှင်းခြင်းမှာ တော်လှန်ရေးဆိုသည်ကို မည်ကဲ့သို့ စဉ်းစားကြမလဲဟု BNRA ခေါင်းဆောင် ဗိုလ်နဂါးက မေးခွန်းထုတ်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့တွင်လည်း ပုလဲမြို့နယ်အတွင်း BNRA စစ်ဆေးရေးဂိတ်နှစ်ခုကို NUG လက်အောက်ခံ ခရိုင်ကွပ်ကွဲရေးဦးဆောင်သည့် PDF တပ်ရင်းများမှ စီးနင်းတိုက်ခိုက်ခဲ့မှု ရှိခဲ့သည်။
BNRA ဘက်ကလည်း ဇန်နဝါရီလ ၁၇ ရက် နံနက် ၁၁ နာရီခွဲ ဝန်းကျင်တွင် ပုလဲမြို့နယ်၊ ပန်းရွာရှိ NUG အခွန်ဂိတ်ကို BNRA တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် စီးနင်းခဲ့ပြီး ဂိတ်တာဝန်ခံ ပြည်သူ့လုံခြုံရေး (ပလဖ) အဖွဲ့ဝင် ကိုမင်းခိုင်ကို ဖမ်းဆီးမှုရှိခဲ့ကြောင်း သိရသည်။
ပုလဲမြို့နယ်အတွင်းက ဗိုလ်နဂါးတပ် BNRA တပ်စခန်းများကို NUG တပ်ရင်းများမှ ယနေ့ နံနက်ပိုင်းကစ၍ ဝင်ရောက်တိုက်ခိုက်နေ၍ BNRA တပ်ဖွဲ့ဝင်များမှာ နေရာရွှေ့ပြောင်းထားရကြောင်း သိရသည်။
(ပုံဟောင်းဖြစ်သည်/ဓါတ်ပုံ – BNRA)
#WesternNews #WN #BNRA #NUG #အမျိုးသားညီညွတ်ရေးအစိုးရ #တော်လှန်ရေးအဖွဲ့အချင်းချင်း #လက်နက်ကိုင်ပဋိပက္ခ #ဗိုလ်နဂါး