ထားဝယ်မြို့အနီးရှိ မောင်မယ်ရှောင်ရွာ GTC စစ်စခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၉ ဦး သေဆုံးပြီး ရဲနှင့် စစ်သား ၁၁ ဦး အရှင်မိကာ လက်နက် ၁၈ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇


တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီးရှိ မောင်မယ်ရှောင်ရွာ GTC စစ်စခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၉ ဦး သေဆုံးပြီး ရဲနှင့် စစ်သား ၁၁ ဦး အရှင်မိကာ လက်နက် ၁၈ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ (GTC) တပ်စခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲသည် ၄ နာရီကြာမြင့်ခဲ့ပြီး (GTC) တပ်စခန်းကို ယာယီသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဘုရားမဲစစ်ဆေးရေးဂိတ်ကိုလည်း သိမ်းပိုက်ခံနီးတွင် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူ စစ်ကြောင်းများ ရောက်ရှိလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၁၉ ဦး သေဆုံးပြီး ရဲနှင့် စစ်သား ၁၁ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ထံမှ Type 81 စက်လက် (၁) လက်၊ G3 (၁၃) လက်၊ G4 (၂) လက်၊ AK47 (၁)လက်၊ MA5 (၁) လက်၊ G3ကျည်ဘောက် (၇၃) ဘောက်၊ Type 81 ကျည်ဘောက်အဝိုင်း (၁) ဘောက်၊ AKကျည်ဘောက် (၁) ဘောက်၊ G3ကျည် (၃၀၀၀) တောင့်၊ လက်ပစ်ဗုံး (၁၂) လုံး၊ AK ကျည် (၁၀၀) တောင့်၊ စကားပြောစက် (၅) လုံးနှင့် ဆက်စပ်ပစ္စည်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲအတွင်းမှာတော့ စစ်ခွေးတွေဘက်က ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၉ ဦးသေဆုံးပြီး ရဲနဲ့ စစ်သား ၁၁ ဦး အရှင်မိကာ လက်နက် ၁၈ လက် သိမ်းဆည်းရရှိခဲ့တယ်” ဟု ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းနှင့် DGRF (ထားဝယ်-ပကဖ) တို့အတူ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ရေးများ အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ကာလဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာ နေထိုင်ကြပါရန် တိုက်တွန်းထားပြီး ပြည်သူ့ဘက်၊ အမှန်တရားဘက်၊ ရပ်တည် လိုသော စ-စ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင်ခုံလှုံ၍ အမြန်ဆုံးပူးပေါင်း ပေးကြပါရန် ဒူရကစစ်ကြောင်းက တိုက်တွန်းထားသည်။