လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေသဖြင့် ဒေသအချို့ အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး ညအပူချိန်များ လျော့ကျမည်

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေသဖြင့် ဒေသအချို့ အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး ညအပူချိန်များ လျော့ကျမည်
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသဖြင့် မြန်မာနိုင်ငံရှိ ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး အချို့ဒေသများ၌ ညအပူချိန်များ ဆက်လက် လျော့ကျနိုင်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ယနေ့ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး လာမည့် ဖေဖော်ဝါ ရီ ၁၈ ရက်တွင် အရှေ့အိန္ဒိယသမုဒ္ဒရာ၌ ပိုမိုအားကောင်းလာနိုင်ကြောင်း ခန့်မှန်းထားသည်။
လာမည့် ၂ ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်း ငယ် ရွာသွန်းနိုင်ကြောင်း သိရသည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ တိုင်းနှင့် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် ထပ်မံလျော့နည်းနိုင်ပြီး ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့် အတင့် ရှိနိုင်ပြီး လှိုင်းအမြင့်မှာ ၃ ပေမှ ၅ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – မိုး/ဇလ
#မိုးလေဝသ #လေဖိအားနည်းရပ်ဝန်း #အချိန်အခါမဟုတ်မိုးရွာခြင်း #ညအပူချိန်လျော့ကျခြင်း #Ayeyarwaddy_Times