ပေါက်ကိုယ်တော်တပည့် ရဲဗလဆုရှင် စံရှားကို စစ်တပ်က ဖမ်းဆီး
DVB
မန္တလေးမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပေါက်ကိုယ်တော်ရဲ့ တပည့်ဖြစ်တဲ့ ပြည်သူ့စစ်ခေါင်းဆောင် စံရှားကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁၆ ရက်မှာ အောင်ပင်လယ်ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လုပ်ငန်းရှင်တွေဆီက ငွေကြေးရယူပြီး လူမိုက်အင်အားနဲ့ ချမ်းမြသာစည်မြို့နယ်ထဲက မြေကွက်တွေကို ခြံစည်းရိုးခတ်တာ၊ နေထိုင်သူတွေကို နှင်ထုတ်တာတွေ လုပ်နေတဲ့ စံရှားကို အငြိမ်းစားဗိုလ်မှူးကြီးတယောက်က တိုင်ကြားခဲ့တာကြောင့် တိုင်းစစ်ဌာနချုပ်က ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ချမ်းမြသာစည်မှာ လုပ်လို့ရတဲ့သူတွေဆို လူမိုက်အင်အားနဲ့ စံရှားက ခြံစည်းရိုးခတ်တာ၊ အကွက်ထဲက လူတွေကို နှင်ထုတ်တာတွေ လုပ်တယ်။ အောင်ပင်လယ်ဘက်မှာ အငြိမ်းစားဗိုလ်မှူးကြီးတဦး ပိုင်တဲ့ မြေကွက်ကို လူအင်အားနဲ့ ဖယ်ခိုင်းလို့ ဟိုက တိုင်လိုက်တာ၊ လပခက ဆင်းပြီးဖမ်းတဲ့ဘဝ ရောက်သွားတယ်။ ပေါက်ကိုယ်တော်လိုက်တာတောင် မရဘူး။”
စစ်တပ်အာဏာသိမ်းပြီးနောက် ထောင်ကထွက်လာတဲ့ စံရှားက ပေါက်ကိုယ်တော်ဆီမှာ တပည့်ခံရင်း ချမ်းမြသာစည်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်လာသူပါ။
ဒီနောက်မန္တလေးတိုင်း အတွင်းရှိ လုပ်ငန်းရှင်တွေဆီက ငွေကြေးရယူကာ မြေသိမ်းတာ၊ နေထိုင်သူတွေကို နှင်ထုတ်တဲ့ကိစ္စတွေ အုပ်စုဖွဲ့ ကျူးလွန်နေတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“စံရှားက လူမိုက်ဆိုတော့ ထောင်ကထွက်တာနဲ့ ပေါက်ကိုယ်တော်နဲ့ ဆက်သွယ်ပြီး ပြည်သူ့စစ် ဖွဲ့တယ်။ အဲ့မှာ ခေါင်းဆောင်ဖြစ်လာတယ်။ ခေါင်းဆောင်ဖြစ်လာတော့ သူတပည့် ထောင်ထွက်တွေကို ခေါ်ပြီး မြေနေရာလိုက်လုတဲ့ကိစ္စပဲ လုပ်တော့တယ်။ အခုလည်း စစ်တပ်နဲ့ဖြစ်လို့ ဖမ်းတာ၊ ၁၄ ရက်နေ့က ဖမ်းတယ်။ စစ်တပ်က စစ်ဆေးပြီး ၁၆ ရက်မှာ အောင်ပင်လယ်ရဲစခန်းမှာ အမှုဖွင့်တာ။”
စံရှားက ဒီလို နာမည်ဆိုးနဲ့ကျော်ကြားပေမဲ့ ထောင်ထွက်တွေကို စည်းရုံးကာ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးတာ၊ စစ်မှုထမ်းအတွက် ပေါ်တာဆွဲပေးတာတွေကြောင့် စစ်ခေါင်းဆောင်ကပေးတဲ့ ရဲဗလဆုကို ၂၀၂၄ ခုနှစ်မှာ ရရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်ကလည်း မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ နေအိမ်တအိမ်က အိမ်စီးကားနဲ့ iPhone လုယူခဲ့တဲ့ ပေါက်ကိုယ်တော်ရဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၇ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
#DVB #ပေါက်ကိုယ်တော် #ရဲဗလဆုရှင် #ပြည်သူ့စစ် #စစ်တပ်