စစ်တပ်က ပြည်သူများကို လုံခြုံရေးအရ ပိုမိုတင်းကျပ်ထိန်းချုပ်ရန်အတွက် နိုင်ငံကူးလက်မှတ်များကို Digital Passport / E-Passport များအဖြစ် အသွင်ပြောင်းထုတ်ရန် စီစဉ်နေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပိုမိုထိန်းချုပ်တင်းကျပ်ရန်အတွက် နိုင်ငံကူးလက်မှတ်များကို Digital Passport / E-Passport များအဖြစ် အသွင်ပြောင်းထုတ်ပေးရန် စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လတ်တလော မြန်မာနိုင်ငံကူးလက်မှတ်များကို စက်ဖြင့် ဖတ်နိုင်သော Machine-readable (MRP) အဆင့်တွင်သာရှိပြီး လုံခြုံရေးအတွက် ခရမ်းလွန်ရောင်ခြည် (UV) ဖြင့် ကြည့်လျှင် မြင်ရသည့် အမှတ် အသားများ၊ ဟိုလိုဂရမ် (Hologram) လုံခြုံရေးစနစ်ဖြင့်သာ ထုတ်ထားကြောင်း၊ နိုင်ငံကူးလက်မှတ်များကို အတုအပ မပြုလုပ်နိုင်ရန်၊ ကပ်ခွာ အသုံးပြုခြင်းများကို တားဆီးရန်အတွက် Digital Passport / E-Passport အဖြစ် ထုတ်လုပ်သွားရန် စစ်တပ်က စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“E-passport ဆိုတာကတော့ နိုင်ငံကူးလက်မှတ်မှာ မိုက်ခရိုချစ်ပ် (Microchip) လေးတစ်ခုထည့်ထားမယ်။ အဲဒီ မိုက်ခရိုချပ်စ်မှာ ကိုင်ဆောင်သူရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ ဓာတ်ပုံ နဲ့ Biometrics အချက်အလက်တွေကို အကုန်ထည့်ထားမယ်။ အတုလုပ်လို့မရဘူး။ ကပ်ခွာလုပ်လို့မရတော့ဘူး။ လုံခြုံ ရေး အဆင့်မြှင့်တဲ့သဘောပဲ။ ပိုပြီးတော့ လုံခြုံရေးက စိတ်ချရသွားမယ်။ နိုင်ငံတကာမှာ E-Passport က အတော်ကြီးတွင်ကျယ်နေပြီ။ ဒီမှာပဲ စက်နဲ့ ဖတ်လို့ရတဲ့ Machine-readable (MRP) စနစ်နဲ့ပဲ ဆက်ထုတ်နေတာ။ သိပ်မကြာခင် E-Passportထုတ်နိုင်ဖို့ လုပ်ဆောင်နေပြီ။ ဌာနတွင်းမှာလည်း ဆွေးနွေးနေကြပြီ” ဟု ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။
အကယ်၍ E-Passport များ ပြောင်းလဲထုတ်လုပ်ပါက နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်များကို နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာနက ယခုထက်ပိုမို၍ တင်းကျပ်ထိန်းချုပ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံကူးလက်မှတ်များ အတုအပ ထွက်ရှိမှုများ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရှိသည်။
အခြားတစ်ဖက်တွင်လည်း စစ်တပ်က မြန်မာနိုင်ငံကူးလက်မှတ်အတုအပ ပြု လုပ်ခြင်းနှင့် မဟုတ်မမှန်လိမ်လည်ခြင်းတို့ကို အရေး ယူရန် နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေမူကြမ်း ရေးဆွဲလျက်ရှိပြီးအပြီးသတ်အဆင့်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်း နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး စစ်တပ်၏ ရှေ့နေချုပ် သီတာဦး ဦးဆောင် တက်ရောက်ခဲ့သည်။
အဆိုပါ ဥပဒေမူကြမ်းက နိုင်ငံကူးလက်မှတ် အတုအပပြုလုပ်ခြင်း၊ အခြားသူများ၏ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက် မှတ်ကဲ့သို့ ပြင်ဆင်ပြောင်း လဲ၍အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကို အခြားသူအား အသုံးပြု စေခြင်းစသည့် မဟုတ်မမှန်လိမ်လည်ဆောင်ရွက်မှုများကို အရေးယူဆောင်ရွက်ရန်ဖြစ်သည်ဟု သိရှိရသည်။
စစ်တပ်က လက်ရှိအသုံးပြုလျက်ရှိသည့် ၁၉၂၀ ပြည့်နှစ်၊ အိန္ဒိယအက်ဥပဒေ အမှတ် ၃၄ ဖြင့် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံကူးလက် မှတ် အက်ဥပဒေသည် လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုမရှိ၍ နိုင်ငံကူးလက်မှတ် အတု အပပြုလုပ်ခြင်း၊ အခြားသူများ၏ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကဲ့သို့ ပြင်ဆင်ပြောင်းလဲ၍အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကို အခြားသူအား အသုံးပြု စေခြင်းစသည့် မဟုတ်မမှန်လိမ် လည်ဆောင်ရွက်မှုများကို အရေးယူဆောင်ရွက်ရာတွင် အခက်အခဲများ၊ လိုအပ်ချက် များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ ပြောင်းလဲလာသည့် အခြေ အနေများနှင့် လိုက်လျော ညီထွေဖြစ်စေရန် ဥပဒေ အသစ်ရေးဆွဲရခြင်းဖြစ်သည်ဟု သိရှိရသည်။
စစ်တပ်က မြန်မာနိုင်ငံကူး လက်မှတ်ဆိုင်ရာဥပဒေကို မကြာမီ ဥပဒေအဖြစ် ထုတ်ပြန်ရန်ရှိနေကြောင်း သိရှိရသည်။