ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကြီးကို အမေရိကန်က အရှေ့အလယ်ပိုင်းကို ထပ်ပို့
၁၄ ဖေဖော်ဝါရီ ၂၀၂၆
ကမ္ဘာ့အကြီးဆုံး အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ကို အရှေ့အလယ်ပိုင်းဒေသကို ပင်တဂွန် စစ်ဌာနချူပ်က ထပ်မံ စေလွှတ်ထားကြောင်း အမေရိကန် အခြေစိုက် သတင်းတွေက ဖေဖော်ဝါရီ ၁၃ မှာဖော်ပြပါတယ်။
နျူကလီးယား အစီအစဥ်နဲ့ ပတ်သက်လို့ မတ်လထဲမှာ အီရန်နဲ့ သဘောတူညီချက် ရမယ်လို့ မျှော်လင့်သလို သဘောတူညီချက် မရနိုင်ဘူးဆိုရင် ဒုတိယမြောက် လေယာဉ်တင်သင်္ဘော အုပ်စုကို ထပ်မံ စေလွှတ်မယ်လို့ ဒေါ်နယ် ထရမ့်က ပြောအပြီးမှာ အခုလို USS Gerald R. Ford လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေယာဥ်အုပ်စုကို အရှေ့အလယ်ပိုင်းကို ထပ်မံ စေလွှတ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
USS Gerald R. Ford လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေယာဥ်အုပ်စုဟာ ကာရစ်ဘီယံ ပင်လယ်မှာ လပေါင်းများစွာ တာဝန်ယူခဲ့ပြီး ဗင်နီဇွဲလား သမ္မတ နီကိုလတ်စ် မာဒူရိုကို ဖမ်းဆီးရာမှာ အဓိက နေရာက ပါဝင်ခဲ့တဲ့ ရေယာဥ်အုပ်စုဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ ရောက်ရှိပြီးဖြစ်တဲ့ လေယာဉ်တင်သင်္ဘော USS Abraham Lincoln ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေယာဥ်အုပ်စုနဲ့ သွားရောက် ပူးပေါင်းမှာဖြစ်တယ်လို့လည်း အမေရိကန် သတင်းတွေက ဖော်ပြနေပါတယ်။
#BNN