တရုတ်နိုင်ငံ၏ သတင်းပေးမှုဖြင့် ဖမ်းဆီးရရှိခဲ့သော ရှမ်းမြောက်မူးယစ်ဆေးဝါးထုတ်လုပ်ရေး စခန်းများကို ဆက်ကြေးယူခွင့်ပြုမှုဖြင့် ပြည်ထဲရေးဒုဝန်ကြီး အောင်ကျော်ကျော်နှင့် ဝန်ကြီး ထွန်းထွန်းနောင် ဖမ်းဆီး အရေးယူခံထားရ

တရုတ်နိုင်ငံ၏ သတင်းပေးမှုဖြင့် ဖမ်းဆီးရရှိခဲ့သော ရှမ်းမြောက်မူးယစ်ဆေးဝါးထုတ်လုပ်ရေး စခန်းများကို ဆက်ကြေးယူခွင့်ပြုမှုဖြင့် ပြည်ထဲရေးဒုဝန်ကြီး အောင်ကျော်ကျော်နှင့် ဝန်ကြီး ထွန်းထွန်းနောင် ဖမ်းဆီး အရေးယူခံထားရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
တရုတ်နိုင်ငံ၏ သတင်းပေးမှုဖြင့် ဖမ်းဆီးရရှိခဲ့သော ရှမ်းမြောက်မူးယစ်ဆေးဝါးထုတ်လုပ်ရေး စခန်းများကို ဆက်ကြေးနှင့် လာဘ်ငွေယူခွင့်ပြုမှုဖြင့် ပြည်ထဲရေးဒုဝန်ကြီးဗိုလ်ချုပ် အောင်ကျော်ကျော်နှင့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ကို စစ်တပ်က အရေးယူထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
တရုတ်နိုင်ငံ၏ သတင်းပေးမှုကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါနှင့် မိုင်းရယ်မြို့နယ်များတွင် အကြီးစားမူးယစ်ဆေးဝါးထုတ်လုပ်သည့် နေရာ ၃ ခုထက်မနည်းကို စစ်တပ်က ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးစခန်းများမှာ နယ်မြေခံမူးယစ်ရဲများက ဆက်ကြေးယူ ခွင့်ပြုထားမှုနှင့် ပါဝင်ပတ်သက်လျက်ရှိသည့်အပြင် ပြည်ထဲ ရေးဝန်ကြီးဌာန၊ အဆင့်မြင့်အရာရှိကြီးများပါ ပါဝင်ပတ်သက်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ ယင်းနောက်စစ်တပ်က ဒုဝန်ကြီးနှင့် ဝန်ကြီး ၂ ဦးစလုံးကို ရာထူးမှ ထုတ်ပယ် အရေးယူလိုက်ကြောင်း သိရှိရသည်။
ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်နှင့် ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရာထူးမှ ဖယ်ရှား အရေးယူခံရမှုတွင် ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးစခန်းများကိစ္စက အဓိကဖြစ်ပြီး တရုတ်နိုင်ငံက ယင်းမူးယစ်ဆေးဝါးစခန်းများနှင့်ပတ်သက်သော သတင်းများကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံသို့ တိုက်ရိုက် သတင်းပေးခဲ့ကြောင်း သိရှိရသည်။
“တရုတ်က ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးစခန်းတွေ ရှိနေတယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးဆီ တိုက်ရိုက် သတင်းပေးတယ်။ အဲဒီမှာ နယ်မြေခံရဲကနေ တိုင်းရဲအဆင့်ဆင့်အထိ ငွေယူပြီး မူးယစ်ဆေးဝါးတွေ လုပ်ဆောင်နေတာပါ ပေါ်လာတယ်။ အဲဒီကိစ္စက အဓိက။ ဒုဝန်ကြီးရော ဝန်ကြီးရော အရေးယူခံရတာ ရှမ်းမြောက်မူးယစ်ဆေးကိစ္စပါ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်က ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်ကို ဖမ်းဆီးစစ်ဆေးပြီးနောက် အခြားသော လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှုနှင့် အဆင့်ဆင့် အာဏာအလွဲသုံးစားမှုပေါ်ပေါက်ပြီး ဝန်ကြီး ဒုဗိုလ် ချုပ်ကြီးထွန်းထွန်းနောင်ပါ ဆက်လက်ဖမ်းဆီး စစ်ဆေးလိုက်ရခြင်းဖြစ်သည်။
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်တပ်က ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်ကို ရာထူးမှ ဖယ်ရှားပြီး လာဘ်ပေးလာဘ်ယူမှုများဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ရက်ပိုင်းအကြာ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကိုပါ ရာထူးမှ ဖယ်ရှားကာ နောက်ဆက်တွဲအဖြစ် ဆက်လက် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ် အောင်ကျော်ကျော်ကို စစ်ဆေးရာတွင် မူးယစ်ဆေးဝါး အမှုအပြင် ကုန်သွယ်ရေးတွင် တရား မဝင်ကုန်ပစ္စည်းများ၊ ကုန်ကားများကို လာဘ်ယူ လွှတ်ပေးမှု၊ ဌာနတွင်း တင်ဒါနှင့်လုပ်ပိုင်ခွင့်များကို အလွဲသုံး စားမှုများ၊လောင်းကစားမှုများကို လာဘ်ငွေယူ ခွင့်ပြုမှုများ ပေါ်ပေါက်လာကြောင်း သိရှိရသည်။
“မူးယစ်ဆေးအပြင် တရားမဝင် ကုန်သွယ်ရေးတွေ ခွင့်ပြုတာ။ နောက်တစ်ခုကတော့ ဌာနတွင်း အာဏာအလွဲသုံးစား လုပ်ပြီး တင်ဒါနဲ့ လုပ်ပိုင်ခွင့်တွေ ချပေးတာ။ လောင်းကစားမှုတွေမှာ လာဘ်ငွေယူ ခွင့်ပြုတာ။ အဲဒါတွေ ဒုဝန်ကြီးကို စစ်တဲ့အချိန်မှာ ပေါ်ပေါက်လာတဲ့အမှုတွေက များလွန်းတဲ့အတွက် ဝန်ကြီးအနေနဲ့လည်း တာဝန်ရှိတယ်။ နောက်တစ်ခုက ဒုဝန်ကြီးနဲ့ အဖွဲ့က လစဉ် ဝန်ကြီးကို ဂါကြေးပေးတာက တစ်နည်းအားဖြင့် ပါဝင်ပတ်သက်မှုအဖြစ် အရေးယူခံရတာ။ ဒုဝန်ကြီးရော ဝန်ကြီးရော ၂ ဦးစလုံး အစစ်ခံနေရတုန်းပါ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က တာဝန်ယူထားပြီး ဒုဝန်ကြီးဟောင်း ဗိုလ်ချုပ်အောင်ကျော်ကျော်နေရာတွင် ဗိုလ်ချုပ် မင်းသူက တာဝန်ယူထားသည်။
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ မှ ဖြစ်ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူးရာထူးများကို တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။