မြန်မာစစ်တပ်အပေါ် ပိုမိုပြင်းထန်သော ဖိအားနှင့် အရေးယူမှုများ လုပ်ရန် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ထိရောက်စေသော နည်းလမ်းများ အဆင်သင့်ရှိနေဟု အမေရိကန်ဘဏ္ဍာရေး၀န်ကြီး ထုတ်ဖော်ပြောဆို
ရန်ကုန်၊ ဖေဖော်ဝါရီ
အကြမ်းဖက် မြန်မာစစ်တပ်အပေါ် ပိုမိုပြင်းထန်သော ဖိအားနှင့် အရေးယူမှုများ လုပ်ရန် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ထိရောက်စေသော နည်းလမ်းလက်နက်များ အဆင်သင့်ရှိနေကြောင်း အမေရိကန်ဘဏ္ဍာရေး၀န်ကြီး Scott Bessen က ထုတ်ဖော်ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးရှေ့ကော်မတီတွင် ၂၀၂၅ ခုနှစ် အစီအရင်ခံစာအတွက် ကြားနာပွဲ ပြုလုပ်စဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုသွားခြင်းဖြစ်သည်။
အမေရိကန်အထက်လွှတ်တော်ကြားနာပွဲတွင် ရီပါဘလစ်ကန်နှင့်ဒီမိုကရက်လွှတ်တော်အမတ်များက မြန်မာစစ်တပ်အပေါ် ပိုမိုပြင်းထန်သော အရေးယူမှုများ လုပ်ဆောင်ရန် တိုက်တွန်းကြပြီး မြန်မာပြည်မှ စစ်အာဏာ ရှင်စနစ်ကို စိုးရိမ်ကြောင်း၊ အထူးသဖြင့် အီရန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေယာဉ်ဆီများ လျှို့ဝှက် တင်ပို့နေမှုအပေါ် မေးမြန်းကြကာ မြန်မာစစ်တပ်ကို ပိုမိုတင်းကျပ်သည့် အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးကို လွှတ်တော်အမတ်များက တိုက်တွန်းကြသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ” ကျနော်တို့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ထိရောက်အောင် ဆောင်ရွက်ဖို့ နည်းလမ်းလက်နက်တွေ အဆင်သင့်ရှိနေပါတယ်။ ပိတ်ဆို့မှုကို ရှောင်လွှဲနေတဲ့ ကွန်ရက်တွေကို ဖော်ထုတ်ဖို့နဲ့ မြန်မာစစ်တပ်အပေါ် ဖိအားပေးနိုင်ဖို့ အခြားအစိုးရဌာနအေဂျင်စီတွေနဲ့ လည်းပူးပေါင်းလုပ်ဆောင်နေပါတယ်” ဟု ထုတ်ဖော်ပြောဆိုသည်။
မြန်မာပြည်သူများထက် အုပ်ချုပ်သူစစ်အာဏာရှင်များကိုသာ ပစ်မှတ်ထားအရေးယူသော အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု မူဝါဒက အရပ်သား ပြည်သူများကို ထိခိုက်စေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ အာဏာရှင်အစိုးရများနှင့် တရားမဝင် ငွေကြေးကွန်ရက်များကိုသာ ထိရောက်စွာ ဖြတ်တောက်ရန် ဒီဇိုင်းဖော်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အဆိုပါ လွှတ်တော် ကြားနာမှုအတွင်း အီရန်နှင့် မြန်မာနိုင်ငံတို့၏ အခန်းကဏ္ဍကို အမေရိကန်က အနီးကပ် ဆက်လက် စောင့်ကြည့်သွားမည်ဟု ၎င်းက ဆက်လက် ထုတ်ဖော်ပြောဆိုသည်။
အမေရိကန်အစိုးရ၏ အီရန်နှင့် မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေသော စီးပွားရေးပိတ်ဆို့မှု မူဝါဒများသည် ဝါရှင်တန်၏ အမျိုးသားလုံခြုံရေးနှင့် ကမ္ဘာ့ဘဏ္ဍာရေး တည်ငြိမ်မှုအတွက် အခြေခံအုတ်မြစ်များ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆင့် (Scott Bessent) က လွှတ်တော်တွင် ထုတ်ဖော် ပြောဆိုသွားသည်။