မြန်မာစစ်တပ်က လူသားစာနာမှုအကူအညီများကို လက်နက်သဖွယ် အသုံးပြုနေပြီး စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရန်မှ ပြည်သူကို အကာအကွယ်ပေးရန် အရေးတကြီးလိုအပ်ဟု ဦးကျော်မိုးထွန်းပြော

မြန်မာစစ်တပ်က လူသားစာနာမှုအကူအညီများကို လက်နက်သဖွယ် အသုံးပြုနေပြီး စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရန်မှ ပြည်သူကို အကာအကွယ်ပေးရန် အရေးတကြီးလိုအပ်ဟု ဦးကျော်မိုးထွန်းပြော
ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မြန်မာစစ်တပ်က လူသားစာနာမှုအကူအညီများကို လက်နက်သဖွယ် အသုံးပြုနေပြီး ပြည်သူများမှာလည်း စစ် တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရန်မှ အကာအကွယ်ပေးရန် အရေးတကြီးလိုအပ်လျက်ရှိကြောင်း ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင်၂၀၂၆ ခုနှစ်ဆိုင်ရာ Executive Board of UNDP, UNFPA and UNOPS ၏ပထမအကြိမ်ပုံမှန်အစည်းအဝေး၏ ဆွေးနွေးမှုများတွင် သံအမတ်ကြီးက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အဓမ္မစစ်အာဏာသိမ်းမှု ၅ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး လူသားစာနာကျပ်တည်းမှုသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်တွင် အချိုးမညီမျှစွာ ဆက်လက်ကျရောက်နေကြောင်း၊ အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့၏ လူမဆန်သော လုပ်ရပ်များကို နိုင်ငံတစ်နံတစ်လွှားတွင် တိုးမြှင့်ကျူးလွန်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုအခြေ အနေမှာ နှစ်စဉ်နှင့်အမျှ သာ၍ ဆိုးရွားလာလျက်ရှိကြောင်း ၊ နေရပ်စွန့်ခွာနေထိုင်သူ ၃ ဒသမ ၆ သန်းခန့်ရှိနေပြီး ၈ ဒသမ ၉ သန်းသော ပြည်သူများမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုရန်မှ အကာအကွယ် အရေးတကြီး လိုအပ်လျက်ရှိကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
မြန်မာနိုင်ငံတွင် မြင်တွေ့နေရသည့် ပကတိ အခြေအနေ အတိမ်အနက်က ပြဿနာအား အရေးတယူ၊ တိကျပြတ်သားစွာနှင့် အလေးထား ကိုင်တွယ်ရမည့် အချိန်တန်နေသည့်အချက်ကို ပြသနေကြောင်း၊ မြန်မာပြည်သူများအနေဖြင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်နေရရုံမျှသာမဟုတ်ဘဲ တရားမဝင် အာဏာသိမ်းထားသည့် စစ်အုပ်စုက ရည်ရွယ်ချက် ရှိရှိ နည်းဗျူဟာချမှတ်ကာ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ကြံ့ကြံ့ခံ ဖြတ်သန်းနေရကြောင်း၊ လူသားစာနာကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်လည်ပတ်စေရေး လုပ်ဆောင်နိုင်ရန် စစ်အုပ်စုမှ လူသားစာနာအကူအညီများကို လက်နက်သဖွယ် အသုံးပြုနေသည့် ယန္တရားကို နိုင်ငံတကာအသိုက်အဝန်းမှ ဖြတ်တောက်ပေးခြင်းဖြင့် ပံ့ပိုးကူညီပေးရန် လိုအပ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။
တစ်ချိန်တည်းမှာပင် စစ်အုပ်စုက ပိတ်ဆို့ထားသည့် ပဋိပက္ခဖြစ်ပွားနေသည့်နေရာများတွင် နေထိုင်နေသူများထံ အကူအညီများ ရောက်ရှိနိုင်စေရန် နယ်ခြားဖြတ်ကျော် ကူညီထောက်ပံ့မှုများကိုလည်း ခိုင်မာအားကောင်းအောင် လုပ်ဆောင်ပေးစေလိုကြောင်း ၊အကြမ်းဖက်စစ်အာဏာသိမ်းမှု ကာလတစ်လျှောက် အကြမ်းဖက် စစ်အုပ်စုက မြန်မာနိုင်ငံရှိ အမျိုးသမီး ၂,၆၀၀ ကျော်၊ ကလေး သူငယ် ၁,၃၀၀ ကျော်နှင့် လူငယ်လူရွယ် ၂,၇၀၀ ကျော်ကို သတ် ဖြတ်ခဲ့ကြောင်း၊ ယနေ့စစ်တမ်းများအရ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီ လို အပ်နေသူ သန်းပေါင်း ၂၂ သန်းခန့်အထိရှိနေပြီဖြစ်ပြီး ၎င်းတို့အနက် ၁၀ ဒသမ ၄ သန်းခန့်သော ဒုက္ခသည် ပြည်သူများမှာ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် LGBTIQ+ အုပ်စုတို့ ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။
အကြမ်းဖက် စစ်အုပ်စုက ၎င်းတို့၏ လူမဆန်သော လုပ်ရပ်များကို နိုင်ငံတစ်နံတစ်လွှားတွင် တိုးမြှင့်ကျူးလွန်နေဆဲဖြစ်ကြောင်း၊ သို့ဖြစ်ရာ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် LGBTIQ+ အုပ်စုများ အထူးသဖြင့် ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေထိုင်နေသူများအပေါ် အကြမ်းဖက်နိုင်သည့်အန္တရာယ်မှာ ထိတ်လန့်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
မြန်မာနိုင်ငံတွင် ပဋိပက္ခများ၊ ထပ်ခါတလဲလဲဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များနှင့် တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်းလာသည့် စီးပွားရေးအခြေအနေတို့ကြောင့် လူသားချင်း စာနာမှုအခြေအနေမှာ နှစ်စဉ်နှင့်အမျှ သာ၍ ဆိုးရွားလာလျက်ရှိကြောင်း၊ ဆယ်ကျော်သက် မိန်းကလေးငယ်များနှင့် လူငယ်အမျိုးသမီးလေးများအနေဖြင့်လည်း ၎င်းတို့၏ လုံခြုံမှုနှင့် အနာဂတ်တို့အတွက် မရှိမဖြစ် အရေးပါသည့် လိင်နှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးအသိပညာ ဗဟုသုတတို့ကို လက်လှမ်းမမီဘဲ ဆုံးရှုံးနေရကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ကျန်းမာရေးစနစ်တစ်ခု ပျက်သုဉ်းနေသည့်ဒဏ်ကို အလူးအလဲ ခါးစည်းခံနေရကြောင်း၊ ၎င်းတို့အတွက် အခြေခံကျသည့် လိင်နှင့် မျိုးပွားမှု ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတို့ ရယူရေးကပင် အသက်အန္တရာယ်အား ခြိမ်းခြောက်နိုင်သည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း၊ စစ်အုပ်စုကမူ လူသားစာနာ အကူအညီများအား ပိတ်ဆို့ခြင်း၊ ဆေးရုံအဆောက်အဦများအား ဖျက်ဆီးခြင်းနှင့် အသက်များအား ကယ်တင်ရန် ကြိုးပမ်းနေသည့် ကျန်းမာရေးဝန်ထမ်းများကိုပင် ပစ်မှတ်ထား တိုက်ခိုက်ခြင်းတို့အား ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
မြန်မာအမျိုးသမီးများအနေဖြင့် မြန်ဆန်သော၊ ရန်ပုံငွေပြည့်တင်းသော၊ မြေပြင်တွင် လက်တွေ့လုပ်ဆောင်နိုင်သော လုပ်ငန်းများကို လိုအပ်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့် ရှောက်သူ များနှင့် မြေပြင်ရှိ မိတ်ဖက်များအနေဖြင့် ကုလသမဂ္ဂစနစ်နှင့် အပြုသဘောဆောင်စွာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကတိကဝတ်ပြုပြောဆိုခဲ့သည်။