မြန်မာနိုင်င်ငံတွင် ပညာရေး အားနည်းမှုနှင့် စဉ်းစားတွေးခေါ် ဆင်ခြင်မှု မရှိ၍ နိုင်ငံရေးပဋိပက္ခများ ဖြစ်ပွားဟု အကြမ်းဖက် မင်းအောင်လှိုင် ပြောပြန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မြန်မာနိုင်ငံတွင် ပညာရေး အားနည်းမှုနှင့် စဉ်းစားတွေးခေါ် ဆင်ခြင်မှုမရှိ၍ ခေတ်အဆက်ဆက် နိုင်ငံရေးပဋိပက္ခများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။
ယမန်နေ့ ရန်ကုန်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းဆရာ၊ ဆရာမများနှင့်တွေ့ဆုံတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလာပြန်ခြင်းဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်က ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဆိုင်ရာပဋိပက္ခ ဖြစ်ပွားမှုများသည် ပညာရေးဆိုင်ရာ အားနည်းမှုများကြောင့် ဖြစ်သည်ဟုလည်း သုံးသပ်နိုင်ကြောင်း၊ အတန်းပညာ၊ အသိပညာများ၊ အားနည်းမှုကြောင့် အခြားသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို စဉ်းစားတွေးခေါ် ဆင်ခြင်မှုများ မရှိတော့ဘဲ လုပ် ဆောင်ကြခြင်းကြောင့် နိုင်ငံတည်ငြိမ်ရေးကို ပျက်ပြားစေခဲ့ခြင်းဖြစ်ကြောင်း၊ ပညာရေးအားနည်းမှုသည် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက် များစွာ အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ပြောဆိုသည်။
ယင်းအပြင် မင်းအောင်လှိုင်က ၇၉ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့ သဝဏ်လွှာတွင်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းပြည်ပ ပယောဂများနှင့် သွေးထိုးမြှောက်ပင့်မှုများကြောင့် နိုင်ငံတစ်ဝန်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းမတည်ငြိမ်မှုများကို အခွင့်အကောင်းယူ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကလည်း အကြမ်းဖက်အဖွဲ့များအားစည်းရုံးသိမ်းသွင်း၍ နိုင်ငံတည်ငြိမ်မှု ပျက်ပြားစေရန် လုပ်ဆောင်ခဲ့ကြောင်း အပြစ်တင်ပြောဆိုသည်။
ထို့ကြောင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံ၏ ပကတိလိုအပ်ချက်ကို သိရှိလနားလည်ပြီး လက်နက်ကိုင်လမ်းစဉ်နှင့် ဆူပူအကြမ်းဖက်မှုများကို စွန့်လွှတ်ကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲစကား၀ိုင်းသို့ လာရောက်ကြရန်၊ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ကြရန် မင်းအောင်လှိုင်က ဖိတ်ခေါ်ကြောင်း ပြောဆိုသည်။
လက်ရှိ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခမှာ နယ်ချဲ့ ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်မှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ကိုလိုနီ အမွေဆိုးများဖြစ်ပြီး ယနေ့တိုင်ချုပ်ငြိမ်းမှုမရှိဘဲ လူမျိုးစွဲ၊ ဝါဒစွဲများဖြင့် ကျဉ်းမြောင်းသည့် နိုင်ငံ ရေးအမြင်၊ လူမျိုးရေးအမြင် ကိုယ်ကျိုးအတ္တလွန်ကဲမှုမျာါ်နှင့်အတူ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် နိုင်ငံနှင့်ပြည်သူများ ဆင်းရဲဒုက္ခများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆက်လက်အပြစ်တင်ပြောဆိုထားသည်။