မိုးမိတ်မြို့က စစ်ကောင်စီလက်နက် သိုလှောင်ရုံကို PDF ပူးပေါင်းတပ်တွေ ဗုံးကြဲဖျက်ဆီး
ဖေဖော်ဝါရီ-၆၊ ၂၀၂၆။ အိမ်သွင်/People’s Spring

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ စစ်ကောင်စီလက်နက်ခဲယမ်းတွေ သိုလှောင်ထားတဲ့ အဆောက်အအုံကို PDF ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲဖျက်ဆီးလိုက်ပါတယ်။
မိုးမိတ်မြို့၊ ရွှေဇာလီရွာက အဆောက်အအုံတစ်ခုကို PDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၃ရက်ညမှာ ဗုံးကြဲဖျက်ဆီးလိုက်တာပါ။
“အဲ့ဒီနေရာက စစ်ခွေးတွေရဲ့ လက်နက်ခဲယမ်းတွေထားတဲ့နေရာ။ ပေါက်ကွဲကုန်တယ်။ အသံတွေကို မြို့ထဲကနေ ကြားရတယ်” လို့ မိုးမိတ်မြို့ခံတစ်ဦးကပြောပါတယ်။
ရွှေဇာလီရွာဟာ မိုးမိတ်မြို့က နမိတ်ချောင်းတံတားရဲ့တဖက်မှာ ရှိတဲ့ ရွာပါ။ စစ်ကောင်စီက ရွှေဇာလီရွာနဲ့ မိုးမိတ်မြို့ပေါ်မှာ တပ်စွဲထားပါတယ်။ ဗုံးကြဲခံရတဲ့ လက်နက်သိုလှောင်ရုံအဆောက်အအုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှ်ိနေပါတယ်။
“သေတာလည်း ရှိတယ် ကြားပေမယ့် ဘယ်သူမှ မသွားရဲလို့ သေချာမသိဘူး။ ရွှေဇာလီအဝင်ကို စစ်တပ်က ပိတ်ထားပြီး မြို့ထဲကိုလည်း စစ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တအာင်းတပ်(TNLA)က မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်အပ်ပေးပြီးတဲ့နောက်ပိုင်း စစ်ကောင်စီစစ်ကြောင်းတွေက မိုးမိတ်မြို့ထဲကို ၂၀၂၅ အောက်တိုဘာလထဲမှာ ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း မြို့အနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်း လည်ပတ်နိုင်ခြင်းမရှိသေးပါဘူး။ စစ်ကောင်စီတပ်တွေက မိုးမိတ်မြို့နဲ့နှစ်မိုင်ခန့်အကွာက အုန်းကြောရွာအထိသာ ထိန်းချုပ်ထားနိုင်တာပါ။တိုက်ပွဲတွေကြိုကြားကြိုကြားဆက်ဖြစ်နေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ(၉)ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို နိုဝင်ဘာ(၃၀)ရက်ကစပြီး တိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်တွေရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ MODက အသိပေးထားပါတယ်။
မိုးမိတ်မြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာပါဝင်ပြီး မိုးကုတ်မြို့က မန္တလေးတိုင်းထဲမှာရှိပါတယ်။ အဲဒီနှစ်မြို့နယ်စလုံးကို TNLAက PDFအပါအဝင် မဟာမိတ်တွေနဲ့တိုက်ခိုက်သိပ်မက်ခဲ့ပေမယ့် စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့တာပါ။ အဲ့ဒီလုပ်ရပ်အတွက် TNLAက ပြည်သူလူထုက အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။
စစ်ကောင်စီက မိုးမိတ်မြို့ထဲကို ဖေဖော်ဝါရီလဆန်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပို့ခဲ့ပြီး ဖေဖော်ဝါရီ ၅ရက်ကလည်း မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ထပ်မံပို့ဆောင်ခဲ့ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလောက်၆ရက်မနက်ပိုင်းမှာ မိုးကုတ်မြို့ထဲက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတစ်ခုကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။ တိုက်ခိုက်မှု နောက်ဆက်တွဲအခြေအနေကို အသေးစိတ် မသိရသေးပါဘူး။
(မိုးကုတ်နဲ့ မိုးမိတ်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ PDF ရဲဘော် ။ ဓာတ်ပုံ-NUG MOD)