ကြံ့ဖွတ်အစိုးရသစ်ကို နိုင်ငံတကာက လက်ခံပြီး စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းကာ ပြည်ပရင်းနှီးမြှပ်နှံမှုအသစ်များ ဆက်တိုက်ဝင်လာတော့မည်ဟု ခင်ရီက အကြီးအကျယ် ဝါဒဖြန့်၊ ဝန်ကြီးဖြစ်လိုသူများ ဗေဒင်မေး၊ ယတြာချေ

ကြံ့ဖွတ်အစိုးရသစ်ကို နိုင်ငံတကာက လက်ခံပြီး စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းကာ ပြည်ပရင်းနှီးမြှပ်နှံမှုအသစ်များ ဆက်တိုက်ဝင်လာတော့မည်ဟု ခင်ရီက အကြီးအကျယ် ဝါဒဖြန့်၊ ဝန်ကြီးဖြစ်လိုသူများ ဗေဒင်မေး၊ ယတြာချေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ကြံ့ဖွတ်အစိုးရသစ်ကို နိုင်ငံတကာက လက်ခံပြီး စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းကာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအသစ်များ ဆက် တိုက်ဝင်လာတော့မည်ဟု ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက အကြီးအကျယ် ဝါဒဖြန့်လျက်ရှိကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကြံ့ဖွတ်ခင်ရီက နယ်မြေကွင်းဆင်း၍ မဲပေးခဲ့ကြသူများကို ကျေးဇူးတင်ပွဲများ ပြုလုပ်ရာတွင်လည်းကောင်း၊ ကြံ့ဖွတ်ပါတီတွင်း အစည်းအဝေးများနှင့် အနိုင်ရ လွှတ်တော်အမတ်များကို တွေ့ဆုံရာတွင်လည်းကောင်း ယင်းကဲ့သို့ တောက်လျှောက်ဝါဒဖြန့်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ ရွေးကောက်ပွဲမှာ နိုင်ငံတကာရှေ့မှောက်၊ သတင်းထောက်များရှေ့နှင့် ပြည်ပလေ့လာစောင့်ကြည့်ရေးအ ဖွဲ့များ၏ ရှေ့မှောက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်၍ တရားမျှတကြောင်း၊ ကြံ့ခိုင်ရေးပါတီ အနိုင်ရမှုမှာ ထိုက်တန်သော အနိုင်ရရှိမှုဖြစ်ပြီး ပြည်သူများက စိတ်ပါ လက်ပါ မဲပေးခဲ့ခြင်းကြောင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ခင်ရီက ပြောဆိုသည်။
ယင်းအပြင် ရွေးကောက်ပွဲကြောင့် တက်လာသော အစိုးရသစ်လက်ထက်တွင် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အသစ်ဝင်လာမည်ဖြစ်ကြောင်း၊ ထိုအချိန် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့် အလမ်းပေါများလာမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုကြောင်း သိရှိရသည်။
“ဇေယျာသီရိမြို့နယ်မှာ မဲဆန္ဒရှင်တွေကို သွားတွေ့တာဖြစ်ဖြစ်၊ ပြည်နယ်/တိုင်း အမတ်တွေကို တွေ့ဆုံတာဖြစ်ဖြစ်၊ ပါတီတွင်းအစည်းအဝေးတွေမှာဖြစ်ဖြစ် ဦးခင်ရီက ရွေးကောက်ပွဲ လွတ်လပ်တယ်၊ တရားမျှတယ် ။ အဲဒါကြောင့် သူတို့အစိုးရတက်လာရင် နိုင်ငံတကာက အသိအမှတ်ပြုမှာမို့ စီးပွားရေးပိတ်ဆို့မှုတွေ ချက်ချင်း ဖယ်သွားမယ်။ ပြည်ပ က ငွေတွေနဲ့ အရင်းအနှီးတွေ၊ စက်ရုံ အလုပ်ရုံတွေ ပြန်လာမယ်။ စီးပွားရေးတွေ ပြန်လည် ပတ်ပြီး ကုန်စျေးနှုန်းတွေ ကျဆင်းမယ်။ ပြည်ခိုင်ဖြိုးအစိုးရတက်ရင် အားလုံးအဆင်ပြေပြီဆိုတာကို ဒီရက်ပိုင်းတွေမှာ ပွဲတိုင်း ဒီစကားပဲ တောက်လျှောက် အလေးပေး ပြောနေတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရှင်းပြသည်။
ယင်းအပြင် ကြံ့ဖွတ်ပါတီအတွင်းတွင်လည်း ရွေးကောက်ပွဲ အနိုင်ရရှိထားသော ကြံ့ဖွတ်ပါတီ လွှတ်တော်အမတ်များက အစိုးရအဖွဲ့များတွင် ပါဝင်ခွင့်ရရေး စိတ်ကူးယဉ် အိပ်မက် မက်နေကြပြီး တချို့သော အမတ်များမှာ ဗေဒင် အစီအရင်များဖြင့် ယတြာချေနေကြကြောင်း ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။