အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးထိ ဆုံးရှုံးသွား၊ မူလအခြေအနေပြန်ရောက်ရန် နှစ်ပေါင်းများစွာကြာနိုင် ဟု UN ဆို အရပ်သားအုပ်ချုပ်ရေး ပြန်ရောက်နိုင်မည့်နည်းလမ်း အချက်သုံးချက်ကို အခြေခံရမည်ဟုလည်း ဆို

အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးထိ ဆုံးရှုံးသွား၊ မူလအခြေအနေပြန်ရောက်ရန် နှစ်ပေါင်းများစွာကြာနိုင် ဟု UN ဆို
အရပ်သားအုပ်ချုပ်ရေး ပြန်ရောက်နိုင်မည့်နည်းလမ်း အချက်သုံးချက်ကို အခြေခံရမည်ဟုလည်း ဆို
ဖေဖော်ဝါရီ ၂၊ ၂၀၂၆
မဆင်မခြင် အကြမ်းဖက်အာဏာသိမ်းမှုရဲ့အကျိုးဆက်အဖြစ် လူသားချင်းစာနာမှုအခြေနေ နဲ့ စီးပွားရေးအကျပ်အတည်း ဆိုးရွားလာမှုတွေနဲ့အတူ မြန်မာ့စီးပွားရေးဟာ ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးထိ ဆုံးရှုံးသွားခဲ့ပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ဟာလည်း ကိုဗစ် ကပ်ရောဂါမတိုင်မီ အခြေအနေဆီပြန်ရောက်ဖို့ နှစ်ပေါင်းများစွာကြာမယ်လို့ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်ထိန်းချုပ်တဲ့ ရွေးကောက်ပွဲက အရပ်သားအုပ်ချုပ်ရေးကို ဖြစ်ပေါ်စေမှာ မဟုတ်တဲ့အတွက် အရပ်သားအုပ်ချုပ်ရေး ပြန်ရောက်ဖို့ လက်တွေ့အကျဆုံးနည်းလမ်း သုံးချက်ကိုအခြေခံမယ်လို့လည်း ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ အဆိုပါကုလသမဂ္ဂအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အရပ်သားအုပ်ချုပ်ရေးကို ပြန်ရောက်နိုင်မယ့် လက်တွေကျတဲ့နည်လမ်းတွေက အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲအတွက် စစ်မှန်တဲ့ ကတိကဝတ်ရှိဖို့၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်အပါအဝင် မတရားဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့ တို့ဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်ထိုနီဂူတာရက်က (အာဏာသိမ်းမှု) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သောကြာနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ပြောဆိုပါတယ်။
“ပဋိပက္ခရဲ့ မူလဇစ်မြစ်တွေကို အပြည့်အဝ ဖြေရှင်းနိုင်မယ့်၊ တာဝန်ယူမှု တာဝန်ခံမှု ရှိစေမယ့်၊ ပြီးတော့ အရေးပေါ် လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေး လိုအပ်ချက်တွေကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်မယ့် မြန်မာနိုင်ငံက ဦးဆောင်တဲ့ အဖြေတစ်ခုကို ပံ့ပိုးပေးနိုင်ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ ညီညွတ်မှု၊ စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံမှုတွေ လိုအပ်ပါတယ်” လို့ အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်မှုဆိုင်ရာ ဥပဒေတွေ ကျယ်ကျယ်ပြန့်ပြန့်ချိုးဖောက်ခံနေတာကို ပြည်သူတွေဆက်လက်ခံစားနေရပြီး စစ်တပ်က ဒီကျုးလွန်မှုတွေအတွက် ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်နေတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။
မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေက ပိုမိုနက်ရှိုင်းလာနေပြီး အရပ်သားတွေကို ထိမှန်နေတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု မြင့်တက်လာတာ၊ အစားအစာမလုံလောက်တာနဲ့ နိုင်ငံအတွင်းမှာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရသူစုစုပေါင်း ၅ ဒသမ ၂ သန်းရှိလာပြီဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟတ်ခ် (Farhan Haq) က ဆိုပါတယ်။
မြန်မာနိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံနီးပါးဟာ ပြင်းထန်တဲ့ အစားအစာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး သုံးပုံတစ်ပုံကျော်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေသလို ရခိုင်ပြည်နယ်အပါအဝင် အကူအညီတွေ အလွန်အမင်းလိုအပ်နေတဲ့ ဒေသတွေကို သွားရောက်ခွင့်အကြိမ်ကြိမ် ပိတ်ပင်တားဆီးခံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။