မြန်မာနိုင်ငံတွင် မျိုးဆက်တစ်ခုလုံး ဆုံးရှုံးရတော့မည့် အရေး စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ပျက်ကွက်နေဆဲဟု သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂညီလာခံတွင် ပြော
ရန်ကုန်၊ ဖေဖော်ဝါရီ ၃


မြန်မာနိုင်ငံတွင် မျိုးဆက်တစ်ခုလုံး ဆုံးရှုံးရတော့မည့်အရေး စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ပျက်ကွက်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံတွင် ထပ်မံ ထုတ်ဖော်ပြောဆိုလိုက်သည်။
ဇန်နဝါရီလ ၃၀ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် စီးပွားရေးနှင့်လူမှုရေးကောင်စီတို့၏ အခန်းကဏ္ဍများဆိုင်ရာ ပူးတွဲ ရှင်းလင်းတင်ပြသည့်အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြငဖြစ်သည်။
မြန်မာပြည်သူများသည် နှစ်များစွာ အလကားဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း၊ ယခုအခါ မိမိတို့အတွက် မျိုးဆက်တစ်ခုလုံး ဆုံးရှုံးရတော့မည့်အရေးမှာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် မြန်မာပြည်သူများအပေါ်တွင် ယနေ့တိုင် ပျက်ကွက်လျက်ရှိကြောင်း သံအမတ်ကြီးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်း၌ စစ်အုပ်စု၏ မတရား စစ်အာဏာသိမ်းမှု ခံခဲ့ရချိန်မှစတင်၍ ပြည်သူများသည် ကြီးလေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြံ့ကြံ့ခံဖြတ်ကျော်နေရကြောင်း၊ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လူအလုံး လိုက် အရင်းလိုက် နေရပ်စွန့်ခွာနေထိုင်နေကြရပြီး လူသားစာနာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့ကြောင်း၊ ယခုအခါ လူသားအရင်းအမြစ်များနှင့် အလားအလာကောင်းသော ဖွံ့ဖြိုး တိုးတက်မှုများပါ သိသိသာသာနှင့် မြန်မြန်ဆန်ဆန်ပင် ပြုန်းတီးလျက်ရှိကြောင်း သံအမတ်ကြီးက ရှင်းပြသည်။
ထို့ပြင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသောကြောင့် မြန်မာနိုင်ငံသည် ဆိုက်ဘာ မှုခင်းများ၊ အွန်လိုင်းလိမ်လည်မှုကွန်ယက်များနှင့် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပျော်စံရာ ဗဟိုချက်ဖြစ်လာခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များက ဒေသတွင်း နှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ် တည်ဆောက်နိုင်ရန် စစ်အာဏာရှင်စနစ်အား အပြီးတိုင်ဖယ်ရှား၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စု တည်ထောင်ခြင်းလမ်းစဉ်မှလွဲ၍ အခြားသော လမ်းကြောင်းများ မရှိပါကြောင်း သံအမတ်ကြီးက ဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစတင်ပြီး မြန်မာ့အရေးနှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာက အရေးယူရေး အစဉ်တစိုက် ပြောဆိုခဲ့သော သံအမတ်ကြီးတစ်ဦးဖြစ်သည်။