ရန်ကုန်နှင့်မန္တလေးတွင် စက်မှုဇုန်များ၊ အိမ်ရာများနှင့် စီးပွားရေးလုပ်ငန်းများကို မီးမပြတ်တော့သည့် LNG လျှပ်စစ်ဓာတ်အား စတင်ပေးနေပြီး တစ်ယူနစ်လျှင် ငွေကျပ် ၉၀၀ ကောက်ခံ
🟥 ပြည်သူများအားလုံးကိုမူ တစ်နေ့လျှင် တစ်ကြိမ် မီး ၄ နာရီသာ အလှည့်ကျဖြတ်တောက်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ရန်ကုန်နှင့်မန္တလေးတွင် စက်မှုဇုန်များ၊ အိမ်ရာများနှင့် စီးပွားရေးလုပ်ငန်းများကို LNG လျှပ်စစ်ဓာတ်အား စတင်ပေးနေပြီး တစ်ယူနစ်လျှင် ငွေကျပ် ၉၀၀ ကောက်ခံနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အလှည့်ကျတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ LNG လျှပ်စစ်ဓာတ်အားများကို မီးမဖြတ်တော့ဘဲ တစ်ယူနစ်လျှင် ငွေကျပ် ၉၀၀ ဖြင့် ကောက်ခံ ပေးမည့် ကိစ္စကို ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စ ဟုတ်မှန်ကြောင်း ၊ စက်မှုဇုန်များ၊ အိမ်ရာများနှင့် စီးပွားရေးလုပ်ငန်းများအားလုံးကို LNG လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
“မီးကတော့ မပြတ်သလောက်ကို ပေးမှာ။ တစ်ယူနစ်ကိုတော့ ၉၀၀ ဖြစ်သွားမယ်။ အခု တရားဝင်လည်း အကြောင်းကြားနေပါပြီ။ မီတာလာဖတ်ရင် မှန်ကန်ကြောင်း လက်မှတ်ထိုးပေးရမယ်။ မီးက ရေရှည်မှာ မပြတ်သလောက်ဖြစ်သွားမယ်။ အများပြည်သူကတော့ မီတာခက ပုံမှန်ပဲ မတက်ဘူး။ ဒါပေမယ့် တစ်နေ့ကို အလှည့် ကျ ၄ နာရီ ဖြတ်ပါမယ်” ဟု န်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အလှည့်ကျတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အများပြည်သူများအနေဖြင့် ယခင်ထက် လျှပ်စစ်မီးပိုမိုရရှိမည်ဖြစ်သော်လည်း တစ်ရက်လျှင် ၄ နာရီ အလှည့်ကျ မီးပြတ်တောက်မည်ဖြစ်ကြောင်း၊ နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ မီးပြတ်တောက်မည့် အုပ်စုနှင့် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ မီးပြတ်တောက်မည့် အုပ်စု ဟူ၍ ၂ စု ခွဲခြား၍ အလှည့်ကျ ၄ နာရီ မီးဖြတ်တောက်မည်ဖြစ်ကြောင်း၊ တတ်နိုင်သမျှ မီးပေးမည်ဖြစ်သော်လည်း ဝန်အား အတိုးအလျှော့များကြောင့် အပြောင်းအလဲ ရှိနိုင်ကြောင်း သိရှိရသည်။
ဇန်နဝါရီ ၃၀ ရက်နေ့ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်မှုအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ် မျှတစေရန်အတွက် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ “စီးပွားရေးနှုန်းထား (Economic Rate)” တစ်ခု သတ်မှတ်၍ ဆောင်ရွက်သွားရန်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားထားသည်။
LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်မှစ၍ ၎င်းစက်ရုံမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း၊ ယင်းကြောင့် ယခုအခါတစ်ရက်လျှင် စုစုပေါင်း ၃၄၀၀ မဂ္ဂါဝပ် (၆၀၀၀၀ မဂ္ဂါဝပ်နာရီ) အထိ ထုတ်လုပ်ရရှိနေပြီဖြစ်ရာ ဝန်အားမျှဝေ၍ အလှည့်ကျစနစ်ဖြင့်ပေးခြင်းကို ရပ်ဆိုင်းကာ တတ်နိုင်သမျှ အချိန်ပြည့်ဓာတ်အားဖြန့်ဖြူးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဓာတ်အားရရှိမှုအနေဖြင့် ၇၀.၄၃ ရာခိုင်နှုန်းရှိပြီး မီးသုံးသူ ၆၉ သိန်းခန့်ရှိကြောင်း၊ အိမ်သုံးနှုန်းဖြင့် သုံးစွဲနေသော ၁ ယူနစ်မှ ၅၀ ယူနစ်အထိ သုံးစွဲသူ ၄၂ ရာခိုင်နှုန်းနှင့် ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ သုံးစွဲသူ ၁၉ ရာခိုင်နှုန်းရှိသဖြင့် အိမ်သုံးနှုန်းထားဖြင့် သုံးစွဲနေသော ရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်းခန့်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
အများပြည်သူများအတွက်မူ အိမ်သုံးမီတာခနှုန်းထားများမှာ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ တစ်ယူနစ်လျှင် ကျပ် ၅၀၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ တစ်ယူနစ်လျှင် ကျပ် ၁၀၀၊ ၁၀၁ ယူနစ်မှ ယူနစ် ၂၀၀ အထိ တစ်ယူနစ်လျှင် ကျပ် ၁၅၀၊ ၂၀၁ ယူနစ်အထက်ဆိုပါက တစ်ယူနစ်လျှင် ကျပ် ၃၀၀ ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- လျှပ်စစ်မီးများ ပြတ်တောက်နေသည့် ရန်ကုန်မြို့။