ရှရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်အဖွဲ့ကို မင်းအောင်လှိုင် ထွက်မတွေ့နိုင်သေးဘဲ လူမြင်ကွင်းမှ ပျောက်ကွယ်နေမှု ၁ ပတ်ကျော်ကြာမြင့်လာ

ရှရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်အဖွဲ့ကို မင်းအောင်လှိုင် ထွက်မတွေ့နိုင်သေးဘဲ လူမြင်ကွင်းမှ ပျောက်ကွယ်နေမှု ၁ ပတ်ကျော်ကြာမြင့်လာ
🟥 လူအင်အား ၃၀ ကျော်ပါ ရုရှားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ယမန်နေ့ နေပြည်တော်သို့ ထပ်မံရောက်ရှိလာပြီး စစ်ဘက်အရာရှိကြီးတချို့ပါဝင်လာ
ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ Sergei Shoigu ဦးဆောင်သော ရုရှားကိုယ်စားလှယ်အဖွဲ့ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တွေ့ဆုံနိုင်ခြင်းမရှိသေးဘဲ လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ ၁ ပတ်ကျော်ကြာမြင့်လာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ Sergei Shoigu ဦးဆောင်သော အဖွဲ့သည် နေပြည်တော်သို့ ရောက်ရှိလာပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်နှင့်တွေ့ဆုံရန် မူလကတည်းက စီစဉ်ထားခဲ့ကြောင်း၊ သို့ရာတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ မင်းအောင်လှိုင်နှင့် တွေ့ဆုံနိုင်ခြင်းမရှိသေးဘဲ မင်းအောင်လှိုင်၏ လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ သမ္မတရုံး ဝန်ကြီးဌာန ၁ ၏ ဝန်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့နှင့်သာ တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
“ရုရှား လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ Sergei Shoigu ဆိုတာက တပ်ချုပ်ကြီးနဲ့ အင်မတန်မှ ရင်းနှီးတဲ့သူဖြစ်ပါတယ်။ သူရောက်တယ်ဆိုရင် အရင်ဆုံးကတော့ တပ်ချုပ်နဲ့ အမြဲ အရင်တွေ့လေ့ရှိပါတယ်။ အခုတစ်ခေါက်တော့ ဦးတင်အောင်စန်းနဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးတိုနဲ့ အရင်တွေ့တာက ထူးခြားချက်ပေါ့။ ကျနော်တို့သိသလောက်တော့ မစ္စတာ Sergei Shoigu ရဲ့ ခရီးစဉ်က နေပြည်တော်မှာ ၂ ရက်ပဲ နေမှာဖြစ်ပါတယ်။ မူလ ခရီးစဉ်အတိုင်းဆိုရင်တော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ မှာ ပြန်လည် ထွက်ခွာမှာပါ။ အခုကတော့ တပ်ချုပ်နဲ့ မတွေ့ရသေးတော့ ရက်တိုးနေမလား၊ ဒါမှမဟုတ် မတွေ့ဘဲ ပြန်သွားမလားကတော့ စောင့်ကြည့်ရမယ်ထင်ပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
ယင်းအပြင် ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် လူအင်အား ၃၀ ဝန်းကျင်ပါသော ရုရှားနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တစ်ခုလည်း ထပ်မံ ရောက်ရှိလာကြောင်း၊ အဆိုပါ အဖွဲ့တွင် ရုရှားစစ်တပ်မှ အရာရှိကြီးတချို့လည်း ပါဝင်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ လူမြင်ကွင်း မထွက်သည်မှာ သီတင်း ၁ ပတ်ကျော်နေပြီဖြစ်ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်း နေပြည်တော်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့်တွေ့ဆုံမှုမှာ လူမြင်ကွင်းတွင် နောက်ဆုံး မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
မင်းအောင်လှိုင်မှာ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ မင်းအောင်လှိုင်မှာ အစည်းအဝေးများ၊ အခမ်းအနားများ မတက်တော့ဘဲ လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ခြင်းဖြစ်ပြီး မန္တလေးနန်းတွင်းသို့ ရောက်ရှိစဉ် ရှော့တိုက်ဒုံး ထိမှန်ခဲ့သည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ၊ Shadow (Mandalay) အဖွဲ နှင့် Infinity (အညာ) အဖွဲ့တို့ ပူး ပေါင်း၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ချိန် မင်းအောင်လှိုင်မှာ ယတြာချေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သို့ ခေတ္တ တည်း ခိုနေချိန် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်ခဲ့ကြသည်။