သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၆
ပဲခူး-ရခိုင်အစပ် ပန်းတောင်း-တောင်ကုတ်ကားလမ်းပေါ်ရှိ ပွိုင့် ၆၆၆ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းကုန်းနှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆)ကြားရှိ နောက်ထပ်ကာကင်းစခန်းများကိုလည်း အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်ဖွဲ့တို့က တပြိုင်တည်းတိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိသည်။
ကပစ (၁၆)၏ ကာကင်းစခန်းတစ်ခုဖြစ်သည့် ပွိုင့် ၆၆၆ စခန်းကုန်းကို AA နှင့် ပူးပေါင်းတပ်ဖွဲ့တို့သိမ်းပိုက်ပြီးနောက် စခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကော်မရှင်တပ်သားများအား လိုက်လံရှင်းလင်းရာမှ နောက်ထပ်ကာကင်းစခန်းကုန်းများကိုလည်း တပြိုင်တည်းစတင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“ပွိုင့်ကုန်းကိုသိမ်းပြီးနောက် ထွက်ပြေးတဲ့သူတွေကိုရှင်းရင်း တချို့က ကြားထဲက သူတို့ရဲ့ကာကင်းစခန်းတွေကို ရောက်သွားတယ်။ အဲဒီစခန်းတွေကို တပြိုင်တည်း တခုပြီး တခု တိုက်နေတာ။ AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေ အင်တိုက်အားတိုက် တိုက်နေကြတာ”ဟု ပြောသည်။
လက်ရှိမြေပြင်သတင်းအရ တိုက်ခိုက်ခံနေရသည့်ကာကင်းစခန်းများအနက် ကာကင်းစခန်းကုန်းနှစ်ခုကို AA နှင့်ပူးပေါင်းတော်လှန်ရေးတပ်များက ရရှိထားပြီး စစ်ကော်မရှင်တပ်ဘက်မှ ပါရာမိုတာနှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ကပစ(၁၆)အထိ AA နှင့်ပူးပေါင်းတပ်တို့၏ ထိုးစစ်ရောက်မည်စိုး၍ ကပစ(၁၆)မှ အင်အားအလုံးအရင်းဖြင့် လက်နက်မျိုးစုံပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသည့်စစ်ကြောင်းများနှင့်လည်း AA နှင့်ပူးပေါင်းတော်လှန်ရေးတပ်တို့ ယနေ့ ဖေဖော်ဝါရီ ၂ ရက်အထိ တိုက်ပွဲပြင်းလျက်ရှိသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“လက်ရှိအနေအထားကတော့ AA နဲ့ ပူးပေါင်းတပ်တို့က ကာကင်းနှစ်ခုတော့ ရထားတယ်။ ဒီနေ့အထိတော့ ကပစ(၁၆)နဲ့ ၆၆၆ ကြားမှာ တိုက်ပွဲပြင်းတုန်း။ သူတို့ဖက်ကလည်း စစ်ကြောင်းထိုး၊ ကိုယ့်ဖက်ကလည်း ရှေ့တိုးပြီး တိုက်တယ်” ဟု ပြောသည်။
AA နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က ပွိုင့် ၆၆၆ စခန်းကုန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်၊ ညနေ ၅ နာရီကျော်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု AA ၏ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသို့ အတည်ပြုပြောကြားထားသည်။
ပွိုင့် ၆၆၆ သည် စခန်းကုန်းဟုဆိုသော်လည်း ရှည်လျားသော တောင်ကြောပေါ်တွင် အမာတည်ဆောက်ထားသော စခန်းတစ်ခုဖြစ်သည်ဟုလည်း သိရသည်။
လက်ရှိ ရရှိသော သတင်းများအရ စစ်ကော်မရှင်သည် ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက်အနီးတွင် ရှိနေသော ၆၆၆ ပွိုင့်ကုန်းအပါအဝင် အနီးအနား နေရာအများအပြားကို တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။