မိုးမိတ်ရောက် စစ်သားသစ် ၄၀ ဦး ထွက်ပြေး

မိုးမိတ်ရောက် စစ်သားသစ် ၄၀ ဦး ထွက်ပြေး
ဇန်နဝါရီ-၅၊၂၀၂၆။အိမ်သွင်/People’s Spring

မိုးမိတ်မြို့ကိုရောက်နေတဲ့စစ်သား​တွေထဲက ပြည်
သူ့စစ်သင်တန်းဆင်း ၄၀ ဦး ထွက်ပြေးလို့ လိုက်
လံဖမ်းဆီးနေပြီး တပ်အပြောင်းအလဲလည်း လုပ်နေပါတယ်။
သင်တန်းဆင်းပြီးမိုးမိတ်ပို့ခံရတဲ့စစ်သားသစ် ၄၀ ဦးဟာ ဇန်နဝါရီလဆန်းမှာ ထွက်ပြေးတာဖြစ်ပြီး စစ်အုပ်စုက လက်သိပ်ထိုးပြီး လိုက်ရှာနေတာဖြစ်ပါတယ်။ ရပ်ကွက်တွေ၊ ရွာတွေထဲအထိ လိုက်ရှာစဉ်မှာ ဒေသခံတွေဆီ သတင်းပေါက်ကြားလာတာဖြစ်ပါတယ်။
“ထွက်ပြေးတာစစ်မှုထမ်းသင်တန်းဆင်းတွေချည်းပဲ။ပြန်မိတာမကြားဘူး။ဒေသခံတွေ ပြန်မနေသေးတဲ့ အိမ်တွေကိုလည်းသူတို့ဝင်ရှာပြီးဒေသခံတွေကိုတောင် စစ်လားဆေးလားလုပ်တယ်”လို့မိုးမိတ်မြို့ခံတစ်ဦးကပြောပါတယ်။
မိုးမိတ်မြို့ကိုစစ်တပ်ပြန်ဝင်လာချိန်ကတပ်မ(၅၅)
လက်အောက်ခံတပ်ရင်းတွေ ဖြစ်ပြီး ယခုရက်ပိုင်းမှာ တပ်မ(၉၉)နဲ့ တပ်မ(၁၁) လက်အောက်ခံတပ်တွေကို ပို့နေပါတယ်။
“အချိန်အကြာကြီး မထားတဲ့သဘော။ နယ်မြေကျွမ်းကျင်လာရင် ထွက်ပြေးမှာစိုးလို့ ချိန်းတာ။ အခုလည်း ထွက်ပြေးသူတွေက ကျတော်တို့ သိတာထက် များနိုင်တယ်” လို့မိုးမိတ်မြို့ခံတဦးကပြောပါတယ်။
ဇန်နဝါရီလဆန်းမှာ စစ်တပ်ကားအစီး၂၀ကျော်က မိုးကုတ်-မိုးမိတ်လမ်းအတိုင်း ဝင်လာတယ်လို့ သိရပါတယ်။
မိုးမိတ်မြို့ဟာတအာင်းတပ်TNLAက ၁၀၂၇ စစ်
ဆင်ရေးနဲ့အတူ သိမ်းယူထားတဲ့မြို့ဖြစ်ပါတယ်။ သိမ်းယူထားတဲ့ မြို့တွေအနက် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီထံပြန်အပ်ဖို့ တရုတ်နိုင်ငံကူမင်းမြို့မှာ စစ်ကောင်စီနဲ့ဆွေးနွေး သဘောတူခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာလ၂၅ရက် နေ့လယ်ပိုင်းကစပြီး မိုးမိတ်မြို့ထဲကို ကားတွေနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်။ မြို့ပေါ်ကဌာနဆိုင်ရာအဆောက်အအုံတွေအပြင် ဒေသခံတွေရဲ့နေအိမ်တွေမှာလည်းတပ်စွဲထားပါတယ်။မိုးမိိတ်
မြို့ဘောလုံးကွင်းထဲမှာ အများဆုံးတပ်စွဲထားပြီး မြို့ထဲကို မကြာခဏ ကင်းလှည့်နေတာပါ။
စစ်ကောင်စီစစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်းတွေအများဆုံးပါနေတယ်လို့လည်း သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို နိုဝင်ဘာလ (၃၀) ရက် ညနေ ၆နာရီကစပြီး တိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်တွေရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ MODက အသိပေးထားပါတယ်။
ယခုရက်ပိုင်းမှာ မိုးမိတ်နဲ့ သပိတ်ကျင်းလမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေကို မိုးမိတ်မြို့ပေါ်ကနေ ကြားနေရပါတယ်။
(စစ်တပ်က စစ်မှုမထမ်းမ​နေရ ဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားထားတဲ့ စစ်သားသစ်​တွေ။
ဓါတ်ပုံ-စစ်​ကောင်စီ)