ကသာထောင်တွင် ထောင်မှူး သန်းနိုင်က စစ်ပြေး၊ ရဲပြေးနှင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများကို လက်နက်တပ်ဆင်ပေး၍ ခံစစ်ပြင်ခိုင်းပြီးနောက် သူနှင့်မိသားစုမှာမူ ခမရ ၃၀၉ ထဲသို့ ထွက်ပြေး

ကသာထောင်တွင် ထောင်မှူး သန်းနိုင်က စစ်ပြေး၊ ရဲပြေးနှင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများကို လက်နက်တပ်ဆင်ပေး၍ ခံစစ်ပြင်ခိုင်းပြီးနောက် သူနှင့်မိသားစုမှာမူ ခမရ ၃၀၉ ထဲသို့ ထွက်ပြေး
ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း၊ ကသာအကျဉ်းထောင်တွင် ထောင်မှူး သန်းနိုင်က စစ်ပြေး၊ ရဲပြေးနှင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများကို လက်နက်တပ်ဆင်ပေး၍ ခံစစ်ပြင်ခိုင်းပြီးနောက် သူနှင့်မိသားစုမှာမူ ခမရ ၃၀၉ ထဲသို့ ထွက်ပြေးသွားကြောင်း အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး KIA နှင့် PDF များ ဦးဆောင်သော တော်လှန်ရေးတပ်များက ကသာမြို့သိမ်း တိုက်ပွဲ ဆင်နွှဲလျက်ရှိပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ လက်ရှိအချိန်အထိ ကသာမြို့သိမ်းတိုက်ပွဲမှာ ၉ ရက်အထိ ရှိလာပြီဖြစ်ပြီး တော်လှန်ရေးတပ်များက စစ်တပ်ကို ၀ိုင်းဝန်းပိတ်ဆို့ထားဆဲဖြစ်ကြောင်း၊ စစ်တပ်ကလည်း မြို့တွင်းနှင့်မြို့ပြင်ပါ မကျန် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
“ဒီနေ့ စစ်တပ်က စေတီကုန်းကို လေယာဉ်နဲ့ ဗုံးကျဲတာတွေလုပ်လို့ မီးလောင်နေတယ်။ မီးခိုးတွေကို မှောင်မဲနေတယ်။ ဒါ့အပြင် ကသာအရှေ့ဘက်ကမ်း ပုလွေရွှေ ရွာကို ဗုံးကျဲတာ သားအမိ ၂ ဦး ဆုံးတယ်။ ပြီးတော့ အောင် မြေသာစည်ဘုန်းကြီးကျောင်းဘက်နဲ့မြို့ထဲဘက်လည်း လေယာဉ်နဲ့ တောက်လျှောက်ကျဲနေတယ်” ဟု ကသာမြို့ခံတစ်ဦးက ရှင်းပြသည်။
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန် စစ်တပ်က Non-CDM ဝန်ထမ်းများကို လက်နက်တပ်ဆင် စစ်တိုက်ခိုင်းနေသကဲ့သို့ ကသာအကျဉ်းထောင်တွင်လည်း ထောင်မှူး သန်းနိုင်က စစ်ပြေး၊ရဲပြေးနှင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများကို လက်နက်များ တပ်ဆင်ပြီး စစ်တိုက်ခိုင်းကြောင်း၊ သို့ရာတွင် ၎င်းနှင့်မိသားစုဝင်များမှာမူ ခမရ ၃၀၉ အတွင်းသို့ ထွက်ပြေးသွားကြောင်း သိရှိရသည်။
ကသာမြို့သိမ်းတိုက်ပွဲတွင် ပြည်သူအများစုမှာ မြို့မှ စွန့်ခွာသွားပြီဖြစ်သော်လည်း မြို့ထဲတွင်ပင် ဆက်လက်နေ ထိုင်သော ပြည်သူတချို့ရှိနေကြောင်း၊ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ဖြင့်ဗုံးကျဲမှုများကြောင့် သေ ဆုံးသော ပြည်သူများရှိပြီး အဆိုပါ ပြည်သူတချို့၏ အလောင်းများမှာလည်း ကောက်ယူသူမရှိဘဲ လမ်းများပေါ်တွင် ရှိနေကြောင်း သိရှိရသည်။
ကသာမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်က ခမရ ၃၀၉ ကို အဓိက ခံစစ်ဌာနချုပ်အဖြစ် ထားရှိကာ ခုခံနေခြင်းဖြစ်ပြီး ယင်းနေရာတွင် စစ်သား၊ ရှမ်းနီSNA ပြည်သူ့စစ်၊ ရဲနှင့် Non-CDM ဝန်ထမ်း အင်အား ၆၀၀ ဝန်းကျင်ဖြင့် ဆက်လက် ခုခံနေဆဲဖြစ်ကြောင်း၊ စစ်တပ်ကလည်း လေကြောင်းဖြင့် ရိက္ခာနှင့်ခဲယမ်းများ ကျဲချမှုများရှိနေကြောင်း သိရှိရသည်။