ဗင်နီဇွဲလား သမ္မတကို အမေရိကန်က ဖမ်းဆီးမှုအပေါ် ကျူးကျော်မှုအဖြစ် ဗကသနှင့် အရပ်ဘက်အဖွဲ့များက ပြင်းထန်စွာ ရှုတ်ချ

ဗင်နီဇွဲလား သမ္မတကို အမေရိကန်က ဖမ်းဆီးမှုအပေါ် ကျူးကျော်မှုအဖြစ် ဗကသနှင့် အရပ်ဘက်အဖွဲ့များက ပြင်းထန်စွာ ရှုတ်ချ
ရန်ကုန်၊ ဇန်နဝါရီ ၅
အမေရိကန်ရဲ့ စစ်ရေးကျူးကျော်မှုနဲ့ ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးခဲ့မှုအပေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြင်းထန်စွာ ရှုတ်ချကြောင်း ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်​ပြန်ကြေညာလိုက်ပါတယ်။
အမေရိကန်အကျိုးစီးပွားကို ဆန့်ကျင်တဲ့ဘယ်နိုင်ငံ၊ ဘယ်အင်အားစုကိုမဆို အမေရိကန်က နှိပ်ကွပ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်သတင်းစကားကို ပေါ်ပေါ်ထင်ထင်ဖြန့်ချိလိုက်ခြင်းဖြစ်ပြီး ကမ္ဘာတလွှားက တိုးတက်တဲ့ အဖိနှိပ်ခံ လူတန်းစားပေါင်းစုံ၊ ဖိနှိပ်ခံ လူမျိုး ပေါင်းစုံ ပြည်သူလူထုနဲ့အတူ မိမိတို့အနေနဲ့ အမေရိကန်ရဲ့ ဒီလိုဖက်ဆစ်လုပ် ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် ရှုတ်ချလိုက်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
“အမေရိကန်ဗိုလ်ကျလွှမ်းမိုးရေးဝါဒ ဆန့်ကျင်ကြ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထုနဲ့ အတူ စုစည်းတိုက်ပွဲဝင်ကြ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကြ” လို့လည်း ထုတ်ပြန်ချက်မှာတိုက်တွန်းနှိုးဆော်ထားပါတယ်။
ဗင်နီဇွဲလားသမ္မတကို ဖမ်းလိုက်ပြီဆိုပြီး ဒေါ်နယ်ထရမ့်က ပြောခဲ့တယ်လို့ လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘယ်လိုပဲ ရှုပ်ထွေးမှုပေါင်းစုံ အကြောင်းရင်းပေါင်းစုံ ရှိပါစေ၊ အမေရိကန်ရဲ့လက်ရှိလုပ်ရပ်ဟာ လက်တွေ့မှာ ကျူးကျော်စစ်ပွဲတရပ် ထပ်မံဆင်နွှဲလိုက်တာ ဖြစ်ပြီး နိုင်ငံတနိုင်ငံက အခြားတနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲတာ၊ စစ်ရေးနည်းနဲ့ အကျပ်ကိုင်ဖိအားပေးတာကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။
ဒါဟာ နယ်ချဲ့လုပ်ရပ်၊ ဖက်ဆစ်လုပ်ရပ်ဖြစ်တယ်လို့လည်း ကျောင်းသားသမဂ္ဂနဲ့ အရပ်ဘက်အဖွဲ့တွေက ပြောဆိုရှုတ်ချထားတာလည်းဖြစ်ပါတယ်။
ကမ္ဘာကြီးမှာ လက်ယာအစွန်းရောက်တွေ၊ ဖက်ဆစ်တွေက အင်အားကြီးထွားလာနေပြီး ဗင်နီဇွဲလား ကနေ ဗမာပြည်အထိ၊ ဂျော်ဒန်မြစ်ကမ်းကနေ ဧရာဝတီအထိ ကမ္ဘာ့လူမျိုးပေါင်းစုံပြည်သူအပေါင်းဟာ ဖက်ဆစ်အရင်းရှင်တွေ၊ ဖက်ဆစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို ခါးစည်းခံနေကြရတယ်လို့လည်း ဆိုပါတယ်။
” လစ်ဘရယ် အရင်းရှင်နိုင်ငံရေးဟာ ဖက်ဆစ်စနစ်ကို ဘယ်တော့မှ အနိုင်ယူအလဲထိုးနိုင်စွမ်းမရှိခဲ့သလို အခုတခါမှာ လည်း ရှုံးနိမ့်ဦးမှာပဲ။ စိတ်ရှိတိုင်းကျူးကျော်ရန်စပြီး အနိုင်ကျင့်ဖိနှိပ်တဲ့ ဖက်ဆစ်ဝါဒ၊ စစ်ဝါဒကို ဘယ်လို လစ်ဘရယ်နိုင်ငံရေးအဆောက်အအုံနဲ့မှ တားဆီးဖို့မဖြစ်နိုင်တာ ဗမာပြည်သမိုင်းက သက်သေ ပဲ၊ ကမ္ဘာ့သမိုင်းက သက်သေပဲ။ အဖိနှိပ်ခံ တော်လှန်တဲ့ပြည်သူလူထုချင်း သွေးစည်းမှုကသာ ဖက်ဆစ်ဝါဒကို အမြစ်ပြတ်ချေမှုန်းနိုင်မှာဖြစ်တယ်။ အမေရိကန် ရဲ့ ဗင်နီဇွဲလား သမ္မတကို ကျုးကျော် ဖမ်းဆီးမှုဟာ နယ်ချဲ့ကျူးကျော်စစ်လုပ်ရပ်တခုသာဖြစ်တယ် ” လို့လည်း အရပ်ဘက်အဖွဲ့တွေရဲ့ ကြေညာချက်က ဆိုပါတယ်။
အမေရိကန်ရဲ့ လုပ်ရပ်ကို ပူးပေါင်းကန့်ကွက်တဲ့ အဖွဲ့အစည်းတွေကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ (ဗမသ)၊ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရတကသ)၊ တိုးတက်သော မွတ်စ်လင်မ် လူငယ်များအစည်းအရုံး၊ လီဆူလူငယ် အစည်းအရုံး၊ သွေးစွန်းငွေကမ်ပိန်း နဲ့ စစ်ငြိမ်းပန်း ဖောင်ဒေးရှင်း တို့ပဲဖြစ်ပါတယ်။
အမေရိကန်ကို ရှုတ်ချတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ပြည်သူတွေအကြားမှာလည်း ဝေဖန်မှုတွေ မြင့်တက်နေကာ အထူးသဖြင့် အမေရိကန်ကို ရှုတ်ချတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ပြည်သူတချို့က ပြန်လည် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။