ရန်ကုန်၊ မြောက်ဥက္ကလာပမြို့မရဲစခန်းမှ တာဝန်ထမ်းဆောင်နေဆဲ ဒုရဲအုပ် အောင်ကိုလင်းဟန်နှင့် ဇနီး ရဲဒုတပ်ကြပ် ငြိမ်းငြိမ်းထွေး တို့ CDM လုပ်ပြီး ပြည်သူ့ဘက်တွင် ခိုလှုံ
ရန်ကုန်၊ ဇန်နဝါရီ ၅


ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်ကိုလင်းဟန်နှင့် ဇနီး ရဲဒုတပ်ကြပ် ငြိမ်းငြိမ်းထွေးတို့ CDM လုပ်ပြီး ပြည် သူ့ဘက်သို့ ဘက်ပြောင်းရပ်တည်လာကာ လတ်တလော ကရင်နီတွင် ရောက်ရှိနေကြောင်း အဆိုပါ CDM ရဲ ၂ ဦးကို ကူညီနေသူ ထောက်ပို့စစ်သည်တော်မရွှေဂျူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်ကိုလင်းဟန်နှင့် ဇနီး ဒုတပ်ကြပ် ငြိမ်းငြိမ်းထွေးတို့သည် စစ်အာဏာရှင်၏ ပြည်သူ လူထုအပေါ် အကြမ်းဖက်ဖိနှိပ်မှုများအား မခံမရပ်နိုင်သောကြောင့် ထောက် ပို့စစ်သည်တော် မရွှေဂျူးမှတဆင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ CDM လုပ် ပြည်သူ့ ဘက်သို့ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်ကြောင်း၊ လတ်တလော CDM ရဲဝန်ထမ်းများအဖြစ် တရားဝင်လျှောက်ထားမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“လင်မယားနှစ်ယောက်လုံးဘက်ပြောင်းခိုလှုံလာတာပါ။ သူတို့က မခံချင်စိတ်နဲ့ ဘက်ပြောင်းလာတာ ဖြစ်ပါတယ်။ လက်နက်တွေ၊ ခဲယမ်းတွေလည်း မယူလာနိုင်ပါဘူး။ လူတောင် မနည်းလွတ်အောင် ပြေးလာရတာမို့ပါ။ ပြီးတော့ သူတို့က အခုလို ဘက်ပြောင်းလာတာ ဘာမျှော်လင့်ချက်မှ မပါဘူး။ အခုမှ သူတို့လုံခြုံတဲ့နေရာကိုရောက်လို့ သတင်းထုတ်ပြန်တာပါ။ အခုတော့ သူတို့က ကရင်နီပြည် လွတ်မြောက်တဲ့တနေရာကို ရောက်သွားပါပြီ” ဟု ထောက် ပို့စစ်သည်တော် မရွှေဂျူးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
CDM လုပ်ပြီး ပြည်သူ့ဘက်သို့ ဘက်ပြောင်းခိုလှုံလာသည့် ဒုရဲအုပ် အောင်ကိုလင်းဟန်နှင့် ဇနီးဖြစ်သူ ဒုတပ်ကြပ် ငြိမ်းငြိမ်းထွေး တို့ သည် ရဲလုပ်သက် ၇ နှစ်ကျော်ပြီဖြစ်ပြီး မြောက်ဥက္ကလာပရဲစခန်း၌ တာဝန်ထမ်းဆောင်နေရသည်မှာ ၅ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။