ရန်ကုန်တိုင်းတွင် လွတ်လပ်ရေးနေ့ နေအိမ်အားလုံး နိုင်ငံတော်အလံ ထောင်ရမည်ဟုဆိုကာ အလံသေးတစ်ခုလျှင် ငွေကျပ် ၉၀၀၀ ကျပ်ဖြင့် ထွေ/အုပ်က ရောင်း
ရန်ကုန်၊ ဇန်နဝါရီ ၂
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် လွတ်လပ်ရေးနေ့ နေအိမ်အား လုံး နိုင်ငံတော်အလံ ထောင်ရမည်ဟုဆိုကာ မြို့နယ်တချို့တွင် အလံသေးတစ်ခုလျှင် ငွေကျပ် ၉၀၀၀ ကျပ်ဖြင့် ထွေ/အုပ်က ရောင်းချနေကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က လာမည့် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် ၇၈ နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ်လည်းကောင်း၊ မကြာသေးမီ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပပြီးစီးသွားသည့် ရွေး ကောက်ပွဲ အပိုင်း ၁ ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း မြို့နယ်၊ ရပ်ကွက်နှင့် နေအိမ်တိုင်းတွင် နိုင်ငံ တော်အလံများ လွှင့်ထူကြရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“လှိုင်သာယာအရှေ့ပိုင်း ရှမ်းချောင်းကျေးရွာ အုပ်ကြီးဇော်မြင့်က ရပ်ကွက်ထဲမှာ နေအိမ်တိုင်း ဝါစိမ်းနီအလံတွေ အိမ်တိုင်းထောင်ရမယ်ပေါ့။ အထက်အမိန့်ပေါ့။ အလံကို အပြင်မှာ မဝယ်ရဘူး။ သူတို့ရောင်းတာဝယ်ရမယ်။ မဝယ်ရင် ရွေးကောက်ပွဲနှောက်ယှက်မှု့နဲ့ဖမ်းမယ်ဆီးမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အလံ သေးတစ်ခုလျှင် ၉၀၀၀ ဖြင့်မဖြစ်မနေဝယ်နေရတယ်” ဟု ရှမ်းချောင်းကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ သာကေတမြို့နယ်အတွင်းရှိ ဘေးတွဲဆိုင်ကယ်များ၊ တက္ကစီများနှင့် အိမ်စီးကားများတွင်လည်း နိုင်ငံတော်အလံများ မဖြစ်မနေ လွှင့်ထူရမည်ဟုဆိုကာ သာကေတမြို့နယ် ထွေ/အုပ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားလာပြီး မြို့နယ်ရန်ပုံငွေဟုဆိုကာ အလံများကို မတန်တဆ စျေးဖြင့် ရောင်း ချနေကြောင်း သိရှိရသည်။
“သာကေတထဲက စျေးဆိုင်တွေ၊ စက်ရုံအလုပ်ရုံတွေကတော့ ရန်ပုံငွေအတွက် အလံတွေကို မတန်တဆ စျေးတွေနဲ့ လာရောင်းတာကို ဝယ်ရတယ်။ ဆိုင်ကယ်ဘေးတွဲတွေ၊ တက္ကစီတွေလည်း အကုန်ဝယ်နေရတယ်။ သူတို့ ခေတ်ဆိုတော့လည်း မပြောရဲဘူး။ ပြည်သူကတော့ ခံဘက်ကချည်းပဲ” ဟု သာကေတမြို့နယ်မှ စတိုးဆိုင်ပိုင်ရှင်က ဆိုသည်။
နိုင်ငံတော်အလံများကို ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်း နောက်ဆုံးထား နေအိမ်တိုင်း မဖြစ်မနေ လွှင့်ထားရမည်ဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းမှသာ ပြန်လည် ဖြုတ်သိမ်းရမည်ဖြစ်ကြောင်း၊ အလံမထောင်ထားလျှင် ခေါ်ယူ မေးမြန်းရန် ဒဏ်ရိုက်ရန် မြို့နယ် ထွေ/အုပ်က အမိန့်ပေးထားကြောင်း သိရှိရသည်။
“ကျနော်တို့ ရပ်ကွက်ကတော့ နည်းနည်းဆန်းတယ်။ နိုင်ငံတော်အလံလွှင့်ထူပြီးတော့ ရောင်စုံမီးတွေ ထွန်းထားရမယ်တဲ့။ ပြီးတော့ ဇန်နဝါရီလထဲမှာ လုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းလာကြည့်ပါဆိုပြီး လော်စပီကာနဲ့ လှည့်အော်တယ်။ ဇန်နဝါရီလ ၃ ရက်နေ့ မနက် ၉ နာရီမှာ နောက်ဆုံးထား အလံထောင်ပေါ့။ နောက်အကျဆုံးက ဇန်နဝါရီလ ၃ ရက်နေ့ ညနေမှာ အလံထောင်ပြီးသားဖြစ်ရမယ်။ဇန်နဝါရီလ ၅ ရက်နေ့ မနက်ပိုင်းမှာမှ အလံ ပြန်ဖြုတ်လို့ရမယ်။ အလံမထောင်ရင် ဘာလို့ မထောင်တာလဲဆိုပြီး ရပ်ကွက်ရုံးခေါ် မေးမယ်။ ဒဏ်ရိုက်မယ်ပေါ့။ အဲဒီလိုပြောတယ်။ သူတို့နဲ့ အလုပ်မရှုပ်ချင်တော့ ဝယ်ထောင်ရတာပဲ”ဟု မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် ပြည်သူများကို အမိန့်ဖြင့် ၎င်းတို့ ဖြစ်စေချင်သော ပုံစံခွက်အတွင်းသို့ သွပ်သွင်းလာမှုမှာ ယခု အလံများ နေအိမ်တိုင်း တပ်ဆင်ခိုင်းသည့် ကိစ္စက ပို၍ ပီပြင်လာစေကြောင်း ရန်ကုန်မြို့မှ ပြည်သူတချို့က သုံးသပ်ပြောဆိုသည်။
ဓာတ်ပုံ- အာဇာနည်နေ့ အလံတစ်ဝက်ချထားသည့် ရန်ကုန်ရုံးတစ်ခု။ (ပုံအဟောင်း ဖြစ်ပါသည်။)