တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးတပ်များက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အ၀သိမ်းပိုက်ထားပြီး ၄၁ မြို့နယ်ကို ၀ိုင်းပတ်ထိန်းချုပ်ထား၊ ၂၀၂၅ ခုနှစ်တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၅၆၉၉ ဦးသေဆုံးခဲ့

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးတပ်များက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အ၀သိမ်းပိုက်ထားပြီး ၄၁ မြို့နယ်ကို ၀ိုင်းပတ်ထိန်းချုပ်ထား၊ ၂၀၂၅ ခုနှစ်တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၅၆၉၉ ဦးသေဆုံးခဲ့
ရန်ကုန်၊ ဇန်နဝါရီ ၂
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးတပ်များက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အ၀သိမ်းပိုက်ထားပြီး ၄၁ မြို့နယ်ကို ၀ိုင်းပတ်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီအရင်ခံစာအရ သိရှိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအကုန်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် မဟာမိတ်တော်လှန်ရေးတပ်များက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အ၀ သိမ်းပိုက်ထားကြောင်း၊ ထို့အပြင် မြို့နယ်ပေါင်း ၄၁ မြို့နယ်ကိုလည်း ဆက်လက် ၀ိုင်းပတ် ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။
တော်လှန်ရေးအင်အားစုများက ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းမြောက်ဒေသများသာမက မကွေးနှင့် တနင်္သာရီဒေသများတွင်ပါ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများကို ထိရောက်စွာ ဆင်နွှဲနိုင်ခဲ့ကြောင်း၊ မံစီ၊ ဖလမ်း၊ အင်းတော်၊ ဗန်းမောက်နှင့် မောတောင်မြို့များကိုပါ အပြည့်အ၀ သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်ပြီး ဗန်းမော်၊ ကျောက်ဖြူ၊ ဖာပွန်၊ ကသာနှင့် ဆင်ဖြူကျွန်းမြို့များတွင်လည်း စစ်ကော်မရှင်တပ်များကို ပြင်းထန်စွာ ဖိအားပေးတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
မဟာဗျူဟာလမ်းများနှင့် နယ်စပ်မြို့နယ်များကို စိုးမိုးမှုအနေဖြင့်လည်း စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ဒေသ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းအပိုင်းနှင့် မွန်-တနင်္သာရီ အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးတို့ကို စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နှင့် တနင်္သာရီဒေသရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် လမ်းကြောင်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက အောင်မြင်စွာ ထိန်းချုပ် ထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်အတွင်း မန္တလေးတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ဧရာ၀တီတိုင်းတို့တွင် တော်လှန်ရေး စိုးမိုးထိန်းချုပ်ထားသော နယ်မြေများ ပေါ်ထွန်းလာသကဲ့သို့ အဆိုပါ နယ်မြေများတွင် စစ်အုပ်ချုပ်ရေးယန္တရား ဖျက်သိမ်း၍ ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ထူထောင်မှုကိုလည်း ပိုမိုအားကောင်စွာ လုပ်ဆောင်လာနိုင်ကြောင်း သိရှိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် တစ်ပြည်လုံးအတိုင်းအတာဖြင့် တိုင်းစစ်ဌာန ၁၀ ခု၊ တပ်မ ၁ ခု၊ တပ်ရင်းပေါင်း ၃၆၀ ရင်းတို့ကိုလည်း တစ်ခုတည်းသော ကွပ်ကဲမှုအောက်တွင်ထားရှိနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး။ အဖွဲ့ (ပကဖ) ရုံးချုပ်ကိုလည်း ဖွဲ့စည်းထူထောင်ခဲ့ပြီး လက်ရှိတွင် တိုင်း/ပြည်နယ် ပကဖ ၁၁ ဖွဲ့၊ ခရိုင် ပကဖ ၅၄ ဖွဲ့၊ မြို့နယ် ပကဖ ၂၁၂ ဖွဲ့နှင့် ပကဖ စုစုပေါင်း ၂၇၇ ဖွဲ့ကို ကွပ်ကဲမှု ရယူထားပြီးဖြစ်ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း တော်လှန်ရေးအဖွဲ့ အသီးသီးနှင့်စစ်တပ်အကြား တိုက်ပွဲပေါင်း ၇၁၃၉ ကြိမ် ဖြစ် ပွား ခဲ့ပြီး စစ်တပ်ဘက်မှ ပြုန်းတီးအင်အားစာရင်းမှာ သေဆုံးမှု ၅၆၉၉ ဦး၊ ထိခိုက်ဒဏ်ရာရ ၂၇၂၆ ဦး၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိမှု ၁၁၂၄ ဦး စုစုပေါင်း ပြုန်းတီးအင်အား ၉၅၄၉ ဦးဖြစ်ကြောင်း သိရှိရသည်။