လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို ဗဟိုကွပ်ကဲမှုတစ်ခုတည်းအောက် စုစည်းနိုင်လေလေ စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေး အမြန်ဆုံး လုပ်ဆောင်နိုင်လေလေ ကို မမေ့ကြရန် NUG ယာယီသမ္မတ ထပ်မံသတိပေး
ရန်ကုန်၊ ဇန်နဝါရီ ၁
မြန်မာနိုင်ငံရှိ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအနေဖြင့် ဗဟိုကွပ်ကဲမှု တစ်ခုတည်းအောက်တွင် စု စည်း နိုင်လေလေ စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေး အမြန်ဆုံးလုပ်ဆောင်နိုင်လေလေ ဆိုသည်ကို မမေ့ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ထပ်မံသတိပေးပြောဆိုသည်။
ယနေ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူး ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းတွင် NUG ယာယီသမ္မတက ယင်းကဲသို့ ထပ်မံ သတိပေးလာခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်ရေးကို အထူး သတိပေး ပြောဆိုလာခြင်းဖြစ်သည်။
“လက်နက်ကိုင်လမ်းစဉ်ကိုလျှောက်ကြတဲ့ နွေဦးတော်လှန်ရေးအင်အားစုအားလုံးဟာ ဗဟိုကွပ်ကဲမှုတစ်ခုတည်းအောက်မှာ စု စည်းနိုင်လေလေ စစ်အာဏာရှင်အမြစ်ပြတ်ချုပ်ငြိမ်းရေးကို အမြန်ဆုံးလုပ်ဆောင်နိုင်လေလေဆိုတာ မမေ့ကြဖို့ အထူးလိုအပ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့လည်း စစ်ရေးတပ်ပေါင်းစုအတွင်း စုဖွဲ့မှုကို လေးနက်စွာ ဂုဏ်ပြုကြိုဆိုကြဖို့ လိုသလို ပြည်သူ့ဝန်းရံမှု အစဉ်အမြဲရှိနေဖို့လည်း တိုက်တွန်းနှိုးဆော်အပ်ပါတယ် ။ စစ်ရေးကဏ္ဍမှာ စုဖွဲ့မှု ပိုမိုအားကောင်းလာဖို့ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ဆက်လက်လုပ်ဆောင်နေမှာဖြစ်ပါတယ် ။ လက်ရှိစစ်ရေးအတွက် C3C လို စုဖွဲ့ထားမှုတွေရှိထားပြီးဖြစ်သလို ယခုထက်လည်းပိုမိုအားကောင်းအောင်ဆောင်ရွက်ဖို့လိုအပ်ကြောင်း ပြည်သူတစ်ရပ်လုံးကိုလေးနက်စွာတင်ပြလိုပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
နွေဦးတော်လှန်ရေးတွင် ရုရှားနှင့် အိမ်နီးချင်းနိုင်ငံတချို့၏ သဘောထားကြောင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ် သက်ဆိုးရှည်လာပြီး တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော နယ်မြေတချို့ကိုလည်း ပြန်လည် လက် လွှတ် လိုက်ရကြောင်း၊ နွေဦးတော်လှန်ရေးတွင် အောင်မြင်မှုများရှိသကဲ့သို့ မအောင်မြင်သေးသည့် အတားအဆီးများလည်း ဆက်လက်ကျော်လွှားနေဆဲဖြစ်ကြောင်း သူက ရှင်းပြသည်။
“စစ်ရေးကဏ္ဍမှာ ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံအချို့ရဲ့ နိုင်ငံရေးသဘောထားတွေဟာ ကျွန်တော်တို့နိုင်ငံမှာ စစ်အာဏာရှင် သက်ဆိုးရှည်အောင် အားပေးလုပ်ဆောင်သလိုဖြစ်နေတာ တွေ့ရပါတယ် ။ အာဏာသိမ်း စစ်ကောင်စီအပေါ် စစ်ရေးအကူအညီတွေပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပေးနေခြင်းကြောင့် ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေအချို့ ပြန်လည်လက်လွှတ်ခဲ့ရတာတွေလည်းရှိပါတယ် ။ ဒါ့အပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဟာ ပထဝီနိုင်ငံရေးအကန့်အသတ်ကြားထဲမှာ အိမ်နီးချင်းနိုင်ငံကြီးတွေရဲ့ အတင်းအကျပ်ဖိအားပေးမှုကို ကြုံတွေ့ခဲ့ရပြီး အပစ်အခတ် ရပ်စဲခဲ့ကြတာတွေ ရှိခဲ့ပါတယ် ။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးအတွင်းမှာ စစ်ကော်မရှင်ကို စစ်ရေးဖိအားပေးမှုတွေ အားလျော့ခဲ့ကြရပါတယ် ။ အခုဆိုရင် အကြမ်းဖက် စစ်ကော်မရှင်အနေနဲ့ သေလုမျောပါးအခြေအနေကနေ စစ်ရေးအရ အသက်ရှူချောင်လည်လာတာကို တွေ့မြင်ရပါတယ် ။ အကြမ်းဖက်စစ်ကောင်စီကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး အားပေးကူညီနေတဲ့ အိမ်နီးချင်းနိုင်ငံအချို့ကိုလည်း ကျွန်တော်တို့နိုင်ငံမှာ စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးတာမျိုးမလုပ်ဖို့ အလေးအနက်ပန်ကြားလိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ဆက်လက် ပြောဆိုသည်။
နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအဖြစ် ထိန်းချုပ်နယ်မြေများစွာ ပေါ်ပေါက်လာသကဲ့သို့ စစ်ရေးနိုင်ငံရေးရလဒ်များကြောင့် ဖက်ဒရယ်ယူနစ်အစိုးရ သုံးခုကို စတင်ဖွဲ့စည်းလာနိုင်ပြီ ဖြစ်ကြောင်း၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတို့တွင် သက်ဆိုင်ရာဒေသကို စီမံအုပ်ချုပ်နိုင်သည့် ဖက်ဒရယ်ယူနစ်အစိုးရများကို လူထုဆန္ဒသဘောထားနှင့်အညီ ရွေးချယ်ဖွဲ့စည်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယင်းအပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအသီး သီးကလည်း ၎င်းတို့၏ လွတ်မြောက်နယ်မြေများကို ယခင်ကထက်အဆပေါင်းများစွာ ချဲ့ထွင်လာနိုင်သည်ကို ထင်ရှားစွာတွေ့မြင်ရကြောင်း၊ နိုင်ငံရေးအင်အားစုများကလည်း တောင်တန်းနှင့် ပြည်မ ပေါင်းစပ်နိုင်မည့် နိုင်ငံရေးပလက်ဖောင်းများကို ပုံစံအမျိုးမျိုးနှင့် ချိတ်ဆက်ပုံဖော်နိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၈၀ ရာခိုင်နှုန်းသော ပြည်သူလူထု မဲထွက်မပေးဘဲ နေခဲ့ကြကြောင်း၊ အကြောင်းတရားကို လွန်ဆန်ပြီး စစ်အုပ်ချုပ်ရေးကို မလိုလားသည်ကို သက်သေ ပြခဲ့ကြောင်း ၎င်းက ဆိုသည်။
“အကြမ်းဖက် စစ်ကော်မရှင်က ပြုလုပ်ကျင်းပနေတဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်စဉ်ကို ကြည့်ရင် မြန်မာနိုင်ငံရေးသမိုင်းမှာ လူထုယုံကြည်မှုအကင်းမဲ့ဆုံးသော ရွေးကောက်ပွဲတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့တာကိုတွေ့မြင်ရမှာဖြစ်ပါတယ် ။ အတုအယောင်ရွေးကောက်ပွဲဟာ ဟန်ပြသက်သက်ဖြစ်နေတဲ့အပြင် ပြည်သူလူထုကိုအတင်းအကြပ် ခြိမ်းခြောက်ဖိအားပေးပြီး အတင်းအဓမ္မလုပ်ဆောင်ခဲ့တာကိုမျက်ဝါးထင်ထင်တွေ့မြင်ရပါတယ် ။ ၈၀ ရာခိုင်နှုန်းလောက် ရှိနိုင်မယ့် ပြည်သူလူထုဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မဲရုံကို ရောက်မလာကြတာ အထင်အရှားတွေ့ရပါတယ် ။ ပြည်သူအများစုဟာ အကြောက်တရားကို လွန်ဆန်ပြီး စစ်အုပ်ချုပ်ရေးကို မလိုလားကြောင်း ရဲရဲရင့်ရင့် ထပ်မံသက်သေပြလိုက်တာကို တွေ့ရပါတယ် ။ ဒါကြောင့် လူထုရဲ့ ရဲရင့်ပြတ်သားမှုအတွက် လေးစားဦးညွှတ်ပါကြောင်း ပြောကြားလိုပါတယ် ။ ပြည်သူတစ်ရပ်လုံးနဲ့အတူ တရားမျှတမှုဘက်မှာ ရပ်တည်သော ပြင်ပနိုင်ငံအသီးသီးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းအားလုံးကိုလည်း ကျွန်တော်တို့နိုင်ငံရဲ့အဖြစ်မှန်တွေကို နားလည်သဘောပေါက်ပြီး အမှန်တရားဘက်မှာ ဆက်လက်ရပ်တည်ပေးဖို့ တိုက်တွန်းပြောကြားချင်ပါတယ်” ဟု ယာယီသမ္မတက ဆက်လက်ပြောဆိုသည်။
နိုင်ငံတကာအနေဖြင့် စစ်အာဏာရှင် ယန္တရားကို ဒဏ်ခတ်ပိတ်ဆို့ရေး ဆက်လက်လုပ်ဆောင်ပြီး ပြည်သူများအတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက် ၀ိုင်းဝန်း ပံ့ပိုးပေးကြရန် ၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပပျောက် စေရေး သံခင်းတမန်ခင်း နည်းလမ်းကောင်းများ အပါအဝင် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများနှင့် အာဏာရှင်ယန္တရားအဆုံးသတ်စေရေး ဆက်လက် ဝိုင်းဝန်းကူညီပေးကြရန် ယာယီသမ္မတက ဆက်လက် မေတ္တာရပ်ခံတိုက်တွန်းသွားသည်။