ပြင်ဦးလွင်၊ ရတနာပုံမြို့သစ်စီမံကိန်းတွင် မင်းအောင်လှိုင် မိသားစုပိုင် ကုတင် ၃၀၀ ဆန့် ပုဂ္ဂလိက ဆေးရုံ တည် ဆောက်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ရတနာပုံမြို့သစ်စီမံကိန်းတွင် မင်းအောင်လှိုင် မိသားစုပိုင် ကုတင် ၃၀၀ ဆန့် ပုဂ္ဂလိက ဆေးရုံ တည်ဆောက်မည်ဖြစ်ကြောင်း ယင်းအခြေအနေကို သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။
ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးတွင် ပြန်လည် စတင်လျက်ရှိသော ရတနာပုံမြို့သစ်စီမံကိန်း၏ ရတ နာ ပုံမြောက်ပိုင်းအိမ်ရာအတွင်းတွင် မင်းအောင်လှိုင်သား အောင်ပြည့်စုံကုမ္ပဏီက ကုတင် ၃၀၀ ဆန့် ပုဂ္ဂလိက ဆေးရုံကြီး တည်ဆောက်ရန် မြေနေရာများကို စတင်ရှင်းလင်းနေကြောင်း၊ ဆေးရုံတည်ဆောက်မည့် မြေနေရာမှာ မင်းအောင်လှိုင်မိသားစုက ယခင်ကတည်းက ရယူထားသော မြေနေရာဖြစ်ပြီး အဆိုပါနေရာကို မိသားစု စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုခြင်းဖြစ်ကြောင်း သိရှိရသည်။
“တပ်ချုပ်သားက ကုတင် ၃၀၀ ဆန့် ပုဂ္ဂလိကဆေးရုံကို စဆောက်ဖို့ ထင်းရှူးတောနဲ့ ကျူးထားတဲ့ စိုက်ပျိုးမြေတွေကို စရှင်းနေတယ်။ အခု အဲဒီရတနာပုံ မြောက်ပိုင်း အိမ်ရာဝင်းမှာ တပ်ရော အရပ်ဘက်က လူကြီးတွေ မြေတွေ ဝယ်နေကြတယ်။ မြို့သစ်စီမံကိန်းရဲ့ ရေလိုင်း၊ မီးလိုင်းတင်ဒါတွေကလည်း တပ်ချုပ်သားနဲ့ တပ်အသိုင်းအ၀ိုင်းတွေပဲ ရကြတယ်။ ပြင်ဦးလွင်မှာ ဖွင့်တော့မယ့် သုမင်္ဂလာစျေးသစ်ဖွင့်ပွဲအမီ ရတနာပုံမြို့သစ်မြောက်ပိုင်းအိမ်ရာ စီမံကိန်းကိုလည်း တွန်းလုပ်နေတယ်” ဟု အဆိုပါသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် NLD အစိုးရ၏ ရတနာပုံမြို့သစ်စီမံကိန်းကို မင်းအောင်လှိုင်က ပြန်လည် အကောင်အထည်ဖော်နေပြီး မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One ဆောက်လုပ်ရေးကုမ္ပဏီက မြို့သစ်၏ အင်္ဂါရပ် ဆေးရုံ၊ လမ်းများနှင့်အခြေခံအဆောက် အအုံများ ဆောက်လုပ်ခွင့်ရရှိထားသည်။
မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးရှိ မြေဧက ၁ သောင်းတွင် ရတနာပုံမြို့သစ်စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဆက်လက် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေစဉ် ရပ်ဆိုင်းခဲ့ကြောင်း၊ NLD အစိုးရက အထက်မြန်မာပြည် အစိမ်းရောင်နှင့် နည်းပညာဖွံ့ဖြိုးရေး ဗဟိုပြု အပန်းဖြေဝန်ဆောင်မှုမြို့သစ် ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ စီမံကိန်းကို စတင်ခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ပြန်လည် ရပ်ဆိုင်းခဲ့ကြောင်း သိရှိရသည်။
ယခုအခါ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်းကို ပြန်လည် စတင်ခိုင်းနေပြီး ဆောက်လုပ်ရေးဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင် ၁၂ ဦးပါ ရတနာမြို့သစ်စီမံကိန်း ကြီးကြပ်မှု ကော်မတီကိုယခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းစီမံကိန်းတွင် စစ်တပ်နှင့်နီးသော ခရိုနီများ လုပ်ကိုင်ခွင့်ရရှိမည့်အပြင် လတ်တလော မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက ဆေးရုံ၊ လမ်းနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခွင့်ရရှိထားခြင်းဖြစ်သည်။
ပြင်ဦးလွင်မြို့ကို အထက် မြန်မာပြည်၏ အစိမ်းရောင်နှင့်နည်းပညာ ဖွံ့ဖြိုးရေးဗဟိုပြု အပန်းဖြေဝန် ဆောင်မှုမြို့ (Green and Smart City) ဖန်တီးရန်ဖြစ်ပြီး ရည်ရွယ်သော အဆိုပါ ရတနာပုံမြို့သစ်စီမံကိန်းကို မြို့ပြစီမံချက်များလည်း ရေးဆွဲထားကြောင်း သိရှိရသည်။
ရတနာပုံမြို့သစ်စီမံကိန်းတွင် စိုက်ပျိုးရေးကို အခြေခံသော Agro-Based Industrial Zone Research and Development Center တစ်ခု ထူထောင်ရန် ၊ Education and Health Services/ Tourism Center ပါဝင်မည်ဖြစ်ပြီး ဆေးရုံများလည်း ပါဝင်ဖြစ်ကြောင်း ၊ ယခင် NLD အစိုးရလက်ထက်က စီမံကိန်း ၃ ပိုင်း ပါဝင်ပြီး စီမံကိန်းအဆင့် ၁ တွင် ဧက ၂၂၀၀ ပါဝင်ကြောင်း၊ စီမံကိန်း အပိုင်း ၂ တွင် ၂၉၁၉ ဧက ပါဝင်ပြီး စီမံကိန်းအပိုင်း ၃တွင် ၄၇၄၄ ဧက ပါဝင်ကာ စက်မှုဇုန်များ၊ အဆင့်မြင့် လူနေ အိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ ၊ ဂေါက်ကွင်း ၊ စိုက်ပျိုးရေးဇုန်နှင့် AGRO PARK ဧရိယာများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
ရတနာပုံမြို့သစ်စီမံကိန်းသည် ၂ဝ၁၆ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သော်လည်း မအောင်မြင်သော ကြောင့် ၂ဝဝဝပြည့်နှစ်ကာလအတွင်း ရပ်ဆိုင်းသွားသော စီမံကိန်းတစ်ခုဖြစ်သည်။