မင်းအောင်လှိုင်၏ အမည်နောက်တွင် လူမျိုးတုန်းသတ်ဖြတ်မှု၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် ခွဲမရအောင် ဒွန်တွဲနေသော ပြယုဂ်ဖြစ်ပြီး နိုင်ငံတကာက ဖမ်းချင်နေသော တရားခံတစ်ဦးသာဖြစ်ဟု SAC-M က သတိပေး
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
မင်းအောင်လှိုင်ဆိုသော အမည်နောက်တွင် လူမျိုးတုန်းသတ်ဖြတ်မှု၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် ခွဲမရအောင် ဒွန်တွဲနေသော ပြယုဂ်တစ်ခုဖြစ်ပြီး နိုင်ငံတကာက ဖမ်းချင်နေသော တရားခံတစ်ဦးသာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ- SAC-M ၏ အမှုဆောင်ဒါရိုက်တာ Ben Lee က သတိပေး ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ-SAC-M က အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေး ကောက်ပွဲ အပိုင်း ၁ အပါအဝင် ရွေးကောက်ပွဲ တစ်စုံလုံးကို နိုင်ငံတကာ ငြင်းပယ်ရန် တိုက်တွန်း ပြောဆိုစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုလာခြင်းဖြစ်သည်။
မြန်မာစစ်အုပ်စုက ၎င်း၏ အတုအယောင်ရွေးကောက်ပွဲ ‘ပထမပိုင်း’ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အုပ်စုကျူးလွန်ခဲ့သောရက်စက်ကြမ်းကြုတ်မှုများမှ အာရုံလွဲသွားစေရန်နှင့် အမှန်တရားဝေဝါးသွားကာ စစ်အုပ်စုက အသည်းအသန်လိုအပ်နေသော တရားဝင်မှုပေးလာစေရန် မျက်နှာပြောင်တိုက်ကြိုးပမ်းသည့် လုပ်ရပ်တစ်ခုသာဖြစ်ကြောင်း၊ သို့သော် စစ်အုပ်စုက နေရာအနှံ့ အကြောက်တရားသွင်းကာ ခြိမ်းခြောက်နေသည့်ကြားမှပင် ပြည်သူအများအပြား မဲမပေးဘဲ သပိတ်မှောက်ခဲ့ကြသောကြောင့် မဲပေးသူအရေအတွက် ချွတ်ခြုံကျလောက်အောင်နည်းပါးခဲ့ပြီး စစ်အုပ်စုအတွက် အရှက်ရစရာဖြစ်သွားခဲ့ကြောင်း၊ ယခုအချိန်သည် အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းများ နောက်လအတွင်းဆက်မလာခင် ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် အခြားသောနိုင်ငံတကာအသိုင်းအဝိုင်းက ဤအနှစ်သာရမဲ့လုပ်ရပ်ကို ယတိပြတ်ငြင်းပယ်ရမည့်အချိန်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ-SAC-M က ထောက်ပြသည်။
“မင်းအောင်လှိုင်ဟာ တက်သစ်စ ဒီမိုကရက်တစ်ဦးဖြစ်တယ်ဆိုတဲ့ ယူဆချက်က မယုံနိုင်လောက်အောင် အဓိပ္ပါယ်မဲ့လှပါတယ်။ သူ့နာမည်က လေကြောင်း တိုက်ခိုက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လိင်အကြမ်းဖက်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုလိုမျိုး ရက်စက်ကြုမ်းကြုတ်မှုတွေနဲ့ ခွဲမရအောင် ဒွန်တွဲနေတဲ့ပြယုဂ်တစ်ခုလို ဖြစ်နေတာပါ။ သူဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ တရားရေးအရာရှိကိုယ်တိုင်က ဖမ်းချင်နေတဲ့သူတစ်ယောက်ပါ။” မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ- SAC-M ၏ အမှုဆောင်ဒါရိုက်တာ Ben Lee က သတိပေးသည်။
စစ်အုပ်စု၏ရွေးကောက်ပွဲမှာ အဘက်ဘက်မှ ကျရှုံးခဲ့ကြောင်း၊ ပထမတစ်ချက်မှာ ရွေးကောက်ပွဲများသည် လူထုပါဝင်မှု အလွန်နည်းခြင်းဖြစ်ပြီး စစ်အုပ်စုသည် နိုင်ငံနယ်နမိတ်၏ ၄၀ ရာခိုင်နှုန်း ထက်နည်းသော နယ်မြေ အကျယ်အဝန်းတစ်ခုကိုသာ လက်လှမ်းမှီကြောင်း၊ ၎င်းတို့ကိုယ်တိုင်ကဝန်ခံထားသည့်အတိုင်း မြို့နယ် ၃၃၀ အနက် ၆၅ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း ထောက်ပြထားသည်။
ရွေးကောက်ပွဲကျင်းပမည်ဟူသည့် မြို့နယ်များမှာလည်း မြို့နယ်လုံးကျွတ်မကျင်းပနိုင်သောကြောင့် ကျန်နေခဲ့မည့်ကျေးရွာအုပ်စုနှင့် မြို့ပေါ်ရပ်ကွက်အရေအတွက် ထောင်နှင့်ချီရှိနေကြောင်း၊ စစ်အုပ်စုက ထိုသို့သော ၎င်း၏ ထိန်းချုပ်မှုပြင်ပနယ်မြေများကို ရန်ဘက်များဟုယူဆကာ အပြစ်ပေးရန်နှင့် အကြမ်းဖက်ခြောက်လှန့်ရန် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်ဆောင်ရွက်နေလျက်ရှိကြောင်း SAC-M က ပြောသည်။
ထို့ပြင် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲသည် လွတ်လပ်၊ မျှတမှုလည်း မရှိကြောင်း၊ ၂၀၂၀ ပြည်လုံးကျွတ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၉၀ ရာခိုင်နှုန်း အထိ အနိုင်ရခဲ့သော မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများသည် မှတ်ပုံတင် ဖျက်သိမ်းခြင်း သို့မဟုတ် ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရသည်ဟု Asian Network for Free Elections (ANFREL) ကဆိုသည်။
တချိန်တည်းတွင် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည်လည်း နိုင်ငံရေးထောင်ဒဏ်များဖြင့် ဆက်လက်ချောင်ထိုးခံရကာ ဆင်းရဲဒုက္ခ ရောက်နေရကြောင်း၊ စစ်အုပ်စုက လက်လှမ်းမှီသောနယ်မြေများတွင်လည်း ဒေသခံပြည်သူများသည် မဲပေးရန် ဖိအားပေးခံနေရပြီး အထူးသဖြင့် သေနတ်ထောက်ကာ ဖိအားပေးခံနေရသည့်အထိ ဖြစ်နေကြောင်း၊ စစ်အုပ်စုသည် ပြည်သူများ မည်သို့ မဲပေးကြောင်း ခြေရာခံရန် အီလက်ထရောနစ်ထောက်လှမ်းရေးနည်းပညာကို အသုံးပြုနေသည့်အတွက်ကြောင့် တုန့်ပြန်အရေးယူမှု ပြုလုပ်နိုင်စွမ်းရှိနေသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထောက်ပြထားသည်။
အတိုက်အခံလုပ်သူများကို အရေးယူနိုင်သည့်ပြစ်ဒဏ်များထဲတွင် သေဒဏ်ကဲ့သို့ အလွန်ကြီးလေးသော ပြစ်ဒဏ်များလည်းပါဝင်ပြီး “ရွေးကောက်ပွဲများ” သည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆီသို့ တနည်းနည်းဖြင့် လမ်းဖွင့်ပေးနိုင်သည်ဟူသော ရည်ညွှန်းပြောဆိုမှုကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) က ခါးခါးသီးသီးငြင်းပယ်ချသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် တဆင့်ချင်း ရှေ့တိုးလျှောက်လှမ်းလာခဲ့ပြီးသားဖြစ်သော် လည်း မင်းအောင်လှိုင်က အာဏာသိမ်းရန်ကြိုးပမ်းခြင်းဖြင့် ထိုအလားအလာကောင်းအခြေအနေတစ်ခုကို ဖျက်ဆီးပစ်ခဲ့ကြောငး၊ မင်းအောင်လှိုင်သည် လွန်ခဲ့သော ၅ နှစ်အတွင်း စစ်တပ်၏ စစ်လက်နက်ယန္တရားများကို ဖိနှိပ်မှုနှင့် ရှင်းလင်းသုတ်သင်ရေးလုပ်ငန်းများအတွက် အသုံးပြုလာခဲ့ကြောင်း၊ စစ်အုပ်စုက ၎င်း၏ ဟန်ပြရွေးကောက်ပွဲ စတင်ကျင်းပမည့်နာရီအပိုင်းအခြားအတွင်းတွင်ပင် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီးပစ်ခတ်မှုများ စတင်ပြုလုပ်ခဲ့ကြောင်း SAC-M က ပြောသည်။
ရွေးကောက်ပွဲမစတင်မီ တစ်ရက်အလို ဒီဇင်ဘာလ၊ ၂၇ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းအတွင်းရှိ နောက်ထပ် အနီးအနား မြို့နယ်တစ်ခုဖြစ်သော ခင်ဦးမြို့နယ်ရှိ စားသောက်ဆိုင်တန်းတစ်ခုအား စစ်အုပ်စု၏ တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များက ပတ်ခတ်ခဲ့သောကြောင့် ပြည်သူ အနည်းဆုံး (၉) ဦးသေဆုံးပြီး နောက်ထပ် ၁၀ ဦးမက ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်ကမူ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲတွင် ပြည်သူ ၅၂ ရာခိုင်နှုန်းကျော်က မဲလာပေးသည်ဟု ယနေ့ သတင်းထုတ်ပြန်ထားသည်။