မန္တလေးမှာ စစ်တပ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ပြည်သူ ၃ဦးကို စစ်ကောင်စီက ကျပ်သိန်း ၁၂၀ပေးပြီး ကျည်ခွံတွေသိမ်းသွား
ဒီဇင်ဘာ-၂၉၊ ၂၀၂၅။မေရီ/People’s Spring
မန္တလေးမြို့မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ ပြည်သူ ၃ဦးကို စစ်ကောင်စီက ကျပ်သိန်း ၁၂၀ ပေးပြီး ကျည်ခွံတွေ လာသိမ်းသွားကြောင်း သတင်းရရှိပါတယ်။
ဒီဇင်ဘာ ၂၈ ရက် မနက် ၁ နာရီခွဲခန့်က တော်လှန်ရေးအင်အားစုတွေက မန္တလေးနန်းတွင်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ အောင်မြေသာစံမြို့နယ်၊ ၅လမ်းနဲ့ ၈၆လမ်းအနီးရှိ ပြည်သူ့အိမ်တစ်လုံးပေါ် ကျည်ကျရောက်ကာ ပြည်သူ ၃ ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း MDY Revolution အသိပေးပါတယ်။
မနက် ၆ နာရီခန့်မှာတော့ စစ်ကောင်စီက လက်နက်ကြီးကျတဲ့ ပြည်သူ့နေအိမ် ရောက်လာပြီး ပေါက်ကွဲထိမှန်တဲ့ ကျည်ခွံကို လာရောက်ရှာဖွေသိမ်းဆည်းသွားကြောင်း၊ နေ့လယ်ပိုင်းမှာလည်း ရဲမှူးအပါအဝင် စစ်အုပ်စုဝင်တွေ ထပ်မံရောက်လာပြီး ကျည်ခွံကိစ္စ မေးခဲ့ကြောင်း MDY Revolution ထပ်မံအသိပေးပါတယ်။
ဒါ့အပြင် ထိခိုက်ခံရတဲ့ မိသားစုကို ကျပ်သိန်း ၁၂၀နဲ့ ခြေတု၊လက်တု စီစဉ်ပေးမယ်လို့ ပြောပြီး တောင်းပန်သွားတယ်လို့ MDY Revolution ဆိုပါတယ်။
“သူတို့(စစ်ကောင်စီ)ရမ်းသမ်းပစ်တဲ့ဟာ ကျတာ။ မန်းတိုင်းဝန်ကြီးချုပ်ကိုတိုင်လည်း ၄လုံးကျတာ ဝန်ခံထားတော့ အဖြေကရှင်းပါတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်း ငါးလုံးပစ်ခဲ့တာဖြစ်ပြီး လေးလုံးအောင်မြင်ခဲ့တယ်လို့ BWMက ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ဆင်ရေးကို BWM ရဲ့ ဦးဆောင်မှုနဲ့ No More Dictatorship (NMD-PDF) ၊ Shadow (အညာ) နဲ့ Infinity စတဲ့ ပူးပေါင်းအဖွဲ့တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် နှစ်ဦးသေဆုံးကာ ထိခိုက်မှုများနိုင်တယ်လို့ BWM ကဆိုပါတယ်။
ရှော့တိုက်ဒုန်းလေးလုံးထဲက သုံးလုံးဟာ ကျုံးအတွင်းကျခဲ့ပြီး တစ်လုံးကတော့ နန်းတွင်းအတွင်းကို ကျတာကြောင့် ထိခိုက်သူနှစ်ဦးရှိတယ်လို့ စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်က စစ်ကောင်စီ ထောက်ခံတဲ့ မီဒီယာတွေကို ပြောထားပါတယ်။
(လက်နက်ကြီးကျခဲ့သော နေအိမ်အား စစ်ကောင်စီဝင်များ ရှင်းလင်းနေစဥ်။ ဓာတ်ပုံ – စစ်ကောင်စီ)