Breaking News- ကသာမြို့တွင် ရွေးကောက်ပွဲ ပြုလုပ်ပြီးနောက် ယမန်နေ့ ညနေပိုင်းတွင် KIA နှင့် PDF ဦးဆောင်သော တော်လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲ၊ စစ်တပ်ကာကင်းစခန်းတချို့ရရှိပြီး တိုက်ပွဲပြင်းထန်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်း၊ ကသာမြို့တွင် ရွေးကောက်ပွဲ ပြုလုပ်ပြီးနောက် ယမန်နေ့ ညနေပိုင်းမှစတင်ကာ KIA နှင့် PDF ဦးဆောင်သော တော် လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲနေပြီး စစ်တပ်ကာကင်းစခန်းတချို့ရရှိထားကာ တိုက်ပွဲပြင်းထန်နေကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ကသာမြို့ပေါ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ကြောင်း၊ ယင်းနောက် ညနေပိုင်းမှစတင်၍ KIA နှင့် PDF ဦး ဆောင် သော တော်လှန်ရေး တပ်များက ကသာမြို့ အခြေစိုက် ခမရ ၃၀၉ တပ်ရင်း၊ ကာကင်းစခန်းများကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်က လေကြောင်းပစ်ကူများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသော်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“ရပ်ကွက် ၈ နဲ့ ရပ်ကွက် ၅ ဘက်မှာလည်း တော်လှန်ရေးတပ်တချို့ ရောက်လာတယ်။ ခမရ ၃၀၉ ဘက်မှာလည်း တိုက်ပွဲ တွေဖြစ်တယ်။ တိုက်ပွဲကတော့ မြို့ပြင်နဲ့ မြို့ထဲ အစပ်ဘက်မှာ ဖြစ်နေတာ။ မြို့အတွင်းထဲအထိတော့ တိုက်ပွဲကြီးတွေ မမြင်ရသေးဘူး။ အခု သိသလောက်တော့ တော်လှန်ရေးတပ်တွေက ရပ်ကွက် ၈ ၊ ရပ်ကွက် ၅ ၊ စေတီကုန်း၊ မိဿလင်း၊ ပေါမမြိုင်၊ နတ်ရေတွင်း တွေကနေအကုန်ဝင်လာတာ။ မီးခိုးတွေပါမြင်နေရတယ်” ဟု ကသာအခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
KIA စစ်ရေး သတင်းရင်းမြစ်ကလည်း တော်လှန်ရေး ပူးပေါင်းတပ်များက စစ်တပ်၏ ကာကင်းစခန်းတချို့ကို သိမ်းပိုက်နေပြီး ထိုးစစ်ဆင်များ ဆက်လက် ဆင်နွှဲနေကြောင်း အတည်ပြုသည်။
လက်ရှိ ကသာမြို့ပေါ်မှ ပြည်သူများမှာ သဖန်းကိုင်းဘက်မှ လမ်းကြောင်း ယာယီပွင့်နေ၍ ယင်းနေရာမှတစ်ဆင့် မြို့ကို စွန့်ခွာခဲ့သော်လည်း မကြာမီ လမ်းကြောင်းပိတ်သွားကြောင်း၊ ပြည်သူ အများစုမှာ စစ်ဘေးရှောင်ရန် ပိတ်မိနေကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်က အဆက်အသွယ်ရရှိထားသော တော်လှန်ရေး သတင်းရင်းမြစ်ကမူ လက်ရှိ စစ်ရေး အခြေအနေမှာ ရှုပ်ထွေးနေ၍ မည်သည့် မှတ်ချက်မှ မပေးလိုသော်လည်း တော်လှန်ရေးတပ်များ စုစည်းညီညွတ်စွာဖြင့် တိုက်ပွဲဝင်နေကြောင်း၊ ကသာမြို့တွင် အဓိက တပ်ရင်းမှာ ခမရ ၃၀၉ တပ်ရင်း ဖြစ်ကြောင်း ပြောဆိုသည်။
“ကသာမှာ ခမရ ၃၀၉ တပ်ရင်းက မြို့ကို ကာထားတာပဲ။ ကျန်တာတွေကတော့ စစ်ရေးတွေဆိုတော့ သက်ဆိုင်ရာ အချိန်တန်ရင် ထုတ်ပြန်ပါလိမ့်မယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ကသာမြို့နယ်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ ပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ် ၁၂ ခုတွင် ပါဝင်သည်။