အကြမ်းဖက်စစ်တပ်၏ အပိုင်း ၁ ရွေးကောက်ပွဲ မဲပေးသူ ဦးရေ နည်းပါးစွာဖြင့် ပြီးဆုံးခဲ့ပြီ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉
အကြမ်းဖက်စစ်တပ်၏ အပိုင်း ၁ ရွေးကောက်ပွဲ မဲပေးသူ ဦးရေ နည်းပါးစွာဖြင့် ပြီးဆုံးခဲ့ကြောင်း ရိုက်တာ၊ CNN အပါအဝင် နိုင်ငံတကာသတင်းဌာနအများစုက သတင်းဖော်ပြကြသည်။
ယမန်နေ့ မြို့နယ်ပေါင်း ၁၀၂ ခုတွင် အကြမ်းဖက်စစ်တပ်က ပြုလုပ်ခဲ့သော မြန်မာ့ရွေးကောက်ပွဲမှာ အပိုင်း ၁ ပြီးစီးခဲ့သော်လည်း မဲပေးသူဦးရေ နည်းပါးကြောင်း လက္ခဏာများတွေ့ရကြောင်း၊ပြည်တွင်း စစ်ရိပ်အောက်တွင် ကျင်းပပြီး ရလဒ်အပေါ် ယုံကြည်စိတ်ချရမှုအပေါ် မေးခွန်းထုတ်ခံနေရချိန် မဲပေးသူဦးရေ အလွန်နည်းပါးသည့် လက္ခဏာများ တွေ့ရှိခဲ့ရကြောင်း ရိုက်တာ သတင်းဌာနက ဆိုသည်။
AP သတင်းဌာန၏ သတင်းဖော်ပြချက်တွင်မူ ရန်ကုန်မြို့ရှိ မဲရုံတစ်ရုံတွင် မဲရုံပိတ်ပြီးနောက် မဲစာရင်းရှိသူ ၁,၄၃၁ ဦးအနက် ၅၂၄ ဦးသာ လာရောက်မဲပေးခဲ့ကြရာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၃၇ ရာခိုင်နှုန်းအောက်သာ ရှိကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ကုလသမဂ္ဂ၊ အနောက်နိုင်ငံအချို့နှင့် လူ့အခွင့်အရေးအဖွဲ့များကမူ စစ်ကောင်စီအား ဆန့်ကျင်သည့် နိုင်ငံရေးပါတီများ ပါဝင်ယှဉ်ပြိုင်ခွင့် မရခြင်းနှင့် ရွေးကောက်ပွဲအပေါ် ဝေဖန်ခြင်းကို ဥပဒေအရ တားမြစ်ထားခြင်းတို့ကြောင့် ယခုမဲပေးပွဲသည် လွတ်လပ်၊ တရားမျှတပြီး ယုံကြည်စိတ်ချရမှု မရှိကြောင်း ပြောဆိုထားကြသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာမူ အာဏာသိမ်းပြီး လပေါင်းများစွာကြာသည်အထိ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်သည့်အပြင် NLD ပါတီမှာလည်း ဖျက်သိမ်းခံထားရသည်။
လက်ရှိတွင် စစ်တပ် ကျောထောက်နောက်ခံပြုထားသည့် ကြံ့ဖွတ်ပါတီ (USDP) သည် ပြိုင်ဘက်ကင်းစွာဖြင့် မဲဆန္ဒနယ် အပြည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အာဏာပြန်လည် ရရှိရန် အသေချာဆုံးဖြစ်နေသည်ဟု ပြည်တွင်းပြည်ပ လေ့လာသူများက ဆိုကြသည်။
ရိုက်တာ သတင်းဌာနကမူ ယမန်နေ့ ရွေးကောက်ပွဲတွင် မဲပေးသူဦးရေသည် ၂၀၂၀ ရွေးကောက်ပွဲထက် များစွာလျော့နည်းနေကြောင်း မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများမှ ဒေသခံ ၁၀ ဦးက ပြောကြားသည်ဟု ဆိုသည်။
ရွေးကောက်ပွဲ အပိုင်း ၂ နှင့် အပိုင်း ၃ ကိုလည်း ဇန်နဝါရီ ၁၁ ရက်နှင့် ဇန်နဝါရီ ၂၅ ရက်တို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၅ မြို့နယ်ကို လွှမ်းခြုံမည် ဖြစ်ကြောင်း၊ သို့ရာတွင် စစ်တပ်က ထိုဒေသအားလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်း မရှိကြောင်း သိရှိရသည်။
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်များမှာ နိုင်ငံအနှံ့တွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး၊ ယင်းကြောင့် လူပေါင်း ၃ ဒသမ ၆ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကာ အာရှ၏ အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
စစ်ပွဲများကြားတွင် တည်ငြိမ်သော အုပ်ချုပ်ရေးတစ်ခု ထူထောင်ရန် စစ်တပ်၏ ကြိုးပမ်းမှုသည် အန္တရာယ်များလှပြီး၊ စစ်တပ်က ထိန်းချုပ်ထားသည့် အရပ်သားအစိုးရ အယောင်ဆောင်မှုအပေါ် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ရရှိရန် မဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက ဆိုသည်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က တနင်္ဂနွေနေ့တွင် ပြောကြားရာ၌ စစ်တပ်၏ ရွေးကောက်ပွဲသည် နိုင်ငံ၏ အကျပ်အတည်းမှ ထွက်ပေါက်မဟုတ်ဘဲ ပြင်းပြင်းထန်ထန် ပယ်ချရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက “ဒီရွေးကောက်ပွဲကနေ နိုင်ငံရေး တည်ငြိမ်မှု ရှိလာမှာပါ။ ပိုကောင်းတဲ့ အနာဂတ်တစ်ခု ရှိလာမယ်လို့ ယုံကြည်ပါတယ်” ဟု နေပြည်တော်တွင် မဲပေးပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။
သို့သော်လည်း ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် မဲပေးသူဦးရေမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်များကြား ကျင်းပခဲ့သည့် ယခင်ရွေးကောက်ပွဲလောက်ပင် မများကြောင်း ဒေသခံများက ဆိုသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲဥပဒေတွင် အနည်းဆုံး မဲပေးရမည့်သူဦးရေ (Turnout) ကန့်သတ်ချက် မရှိကြောင်း ANFREL ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့က ပြောဆိုပြီး မြန်မာနိုင်ငံ၏ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် မဲပေးသူဦးရေမှာ ၇၀ ရာခိုင်နှုန်းခန့် ရှိခဲ့သည်ဟု သိရှိရသည်။
ယမန်နေ့ ရန်ကုန်မြို့ရှိ စစ်တပ်မိသားစုများ နေထိုင်ရာအနီးရှိ မဲရုံအချို့တွင် နေ့လယ်ပိုင်း၌ တန်းစီစောင့်ဆိုင်းနေသူ အနည်းငယ်ရှိသော်လည်း အခြားနေရာများတွင်မူ မဲရုံများမှာ လူသူကင်းမဲ့နေကြောင်း သိရသည်။
“၂၀၂၀ တုန်းကလို ဆူဆူညံညံနဲ့ တက်တက်ကြွကြွ မရှိတော့ဘူး” ဟု မန္တလေးမြို့ခံတစ်ဦးက ရိုက်တာသို့ ပြောဆိုသည်။
တိုက်ပွဲများ ပြင်းထန်နေသည့် ချင်းပြည်နယ်၊ ဟားခါးမြို့တွင်မူ ဒေသခံ ကာကွယ်ရေးအဖွဲ့များက ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြောဆိုထားသောကြောင့် လမ်းမများပေါ်တွင် လူသူကင်းမဲ့နေကြောင်း သိရသည်။
“ကျနော် ရပ်ကွက်က ဘယ်သူမှ မဲသွားမပေးကြဘူး၊ ဒီရွေးကောက်ပွဲကို စိတ်မဝင်စားကြဘူး” ဟု အသက် ၆၃ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။