စစ်တပ်ရွေးကောက်ပွဲ ဝင်ပြိုင်နေတဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီရုံးခန်း ဗုံးခွဲတိုက်ခိုက်ခံရ

စစ်တပ်ရွေးကောက်ပွဲ ဝင်ပြိုင်နေတဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီရုံးခန်း ဗုံးခွဲတိုက်ခိုက်ခံရ

AAMIJ / ဒီဇင်ဘာ၂၂

လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကိုကိုကြီးတည်ထောင်ထားတဲ့ ပြည်သူ့ပါတီ (People’s Party) ရန်ကုန်တိုင်းရုံးခန်းရဲ့ အတက်အဆင်းလှေကားဘေးမှာ ဒီဇင်ဘာ ၂၁ ရက် ညပိုင်းက ပေါက်ကွဲမှု ဖြစ် ပွားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံး မှာ ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီခွဲခန့်က ပေါက်ကွဲခဲ့တာဖြစ်ပြီး မြေအောက်တော်လှန်ရေးတပ်ဖွဲ့ တွေကဖေါက်ခွဲခဲ့တာလို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

အဲ့ဒီပေါက်ကွဲမှုကြောင့် လူတွေထိခိုက်တာတော့မရှိခဲ့ဘဲ ပါတီအောင်နိုင်ရေးပိုစတာတွေ ပျက်စီးခဲ့ကာ ပါတီရုံးရှေ့မှာရပ်ထားတဲ့ ကားတစ်စီးလည်း မှန်လေးချပ်ကွဲအက်ကာ ကားကိုယ်ထည်မှာ ဗုံးစတွေ ဖောက်ဝင်ကာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက် ဒီမနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ (SRDF)၊ ရွှေ ဘိုခရိုင်အမှတ် (၁၅) တပ်ရင်းနဲ့ Unknown YGN UG စတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့တွေက စစ် တပ်ရဲ့ရွေးကောက်ပွဲမှာ ပါဝင်ကူညီနေသူတွေကို သတိပေးတဲ့အနေနဲ့ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ကြေညာချက်တစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာတွေ့ရပါတယ်။

ဦးကိုကိုကြီးဟာ ရှစ်လေးလုံးအရေးတော်ပုံကနေ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်အဖြစ် နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူ့ပါတီကိုတည်ထောင်လိုက်ပြီး စစ်တပ်ကလုပ် မယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို သူ ကိုယ်တိုင်ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်
ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။