နတ်ရေကန်ဗျူဟာအနီး ဂုတ်ကြီးစခန်းကို စစ်တပ် ၁ရက်ပဲ ထိန်းချုပ်နိုင်ပြီးပြန်ဆုတ်ခွာထွက်ပြေး
ဒီဇင်ဘာ-၂၂၊၂၀၂၅။အိမ်သွင်/People’s Spring


နတ်ရေကန်ဗျူဟာအနီးမှာအာရက္ခတပ်တော်(AA)
သိမ်းပိုက်ထားတဲ့ ဂုတ်ကြီးစခန်းကို စစ်တပ်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့
ပေမယ့် တစ်ရက်ပဲသိမ်းယူနိုင်ခဲ့ပြီးဓာတ်ပုံရိုက်ကာ
ပြန်လည်ဆုတ်ခွာထွက်ပြေးသွားပါတယ်။
အမ်း-ပဒါန်း လမ်းပေါ်က နတ်ရေကန် ဗျူဟာရဲ့ကာကင်းတစ်ခုဖြစ်တဲ့ ဂုတ်ကြီးစခန်းကို AA နဲ့မဟာမိတ်တပ်က ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့တာပါ။ စစ်တပ်က အင်အားရာချီသုံးပြီး အောက်တိုဘာလကစပြီး ပြန်လည်စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာပါ။ နှစ်လကျော်တိုက်ခိုက်ပြီးတဲ့နောက် ဒီဇင်ဘာလ၂၀ရက်နေ့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်သာ ထိန်းချုပ်နိုင်ခဲ့ပြီး AAနဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့ ဒီဇင်ဘာလ၂၁ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစိအချို့ကပြောပါတယ်။
“ဂုတ်ကြီးစခန်းကို စစ်တပ်ထိန်းနိုင်တာ မဟုတ်ဘူး။ဓာတ်ပုံရိုက်ရုံပဲရိုက်နိုင်တာ။အခု ပြန်ပြီးဆုတ်သွားပါပြီ။ တိုက်ပွဲက ဆက်ဖြစ်နေတာပါ”လို့ မြေ
ပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပြီးနတ်ရေကန်ဗျူဟာနဲ့ ၂မိုင်ခန့်အကွာမှာ
တည်ရှိပါတယ်။
နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။ အမ်း-ပဒါန်းလမ်းဟောင်းဘက်က ပဇီရွာကလွဲလို့ ဂုတ်ကြီးစခန်းအပါအဝင်ကာကင်းစခန်းအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာပါ။
အဓိက ကာကင်းစခန်းကြီးဖြစ်တဲ့ ဂုတ်ကြီးစခန်းကို ပြန်ရဖို့အတွက် အာဏာသိမ်းစစ်တပ်ကကြိုး
ပမ်းခဲ့ပေမယ့် တပ်လန်သွားပြီလို့ စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၄ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်း အခုလိုပဲ စစ်တပ်ကစခန်းသိမ်းနိုင်တယ်လို့ ဝါဒဖြန့် ဓာတ်ပုံရိုက်ဖို့ကြိုးပမ်းခဲ့ဖူးပါတယ်။ AAက ယာယီဆုတ်ခွာခဲ့တဲ့ မင်းပြင်ရေဒါစခန်းရှေ့မှာ စစ်သား ၂၀ကျော်စုဝေးပြီး ဝါဒဖြန့်ဓာတ်ပုံရိုက်နေစဉ်မှာ AAကပစ်ခတ်တဲ့ လက်နက်ကြီးလို့တည့်တည့်ထိမှန်လို့ အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။ ဂုတ်ကြီးစခန်းမှာ ဓာတ်ပုံရိုက်စဉ်ကတော့ AAက တိုက်ခိုက်ခဲ့တဲ့သတင်းမကြားရပါဘူး။ စစ်သားတွေက ဂုတ်ကြီးစခန်း နဲ့ ဂုတ်ကြီးရွာပတ်ဝန်းကျင်မှာ စခန်းသိမ်းနိုင်ပြီဆိုပြီး ဓာတ်ပုံတွေကိုဖြန့်ဝေခဲ့ကြပါတယ်။ဒါပေမယ့် စစ်သားတွေဟာ ဂုတ်ကြီးစခန်းကို တစ်ရက်ပဲ ထိန်းနိုင်ပြီး ပြန်ဆုတ်ပြေးခဲ့ကြတာပါ။
လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာ နဲ့ ပဇီရွာကို AA နဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီး ဗျူဟာထဲကို စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေပါတယ်။ နတ်ရေကန်ဗျူဟာထဲက ကမ္ဘာလုံးပုံအ
ဆောက်အအုံထဲမှာတော့ ဒဏ်ရာရစစ်သားတွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။နတ်ရေ
ကန်ဗျူဟာထဲမှာ ဒဏ်ရာရထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် အင်အား ၃၀၀ ခန့်ရှိနေသေးတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။
(အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေ/ ဂုတ်ကြီးရွာနဲ့ဂုတ်ကြီးစခန်းကိုာစစ်တပ်ကပြန်ထိန်းချုပ်နိုင်ကြောင်း ဝါဒဖြန့်ချီဖို့ စစ်သားတွေဓါတ်ပုံရိုက်ကူး
စဥ်။ဓါတ်ပုံ-AA Infodesk ၊ စစ်ကောင်စီ)
ရွှေစျေး တစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်
ဒီဇင်ဘာ-၂၂၊၂၀၂၅။ဇော်ဝင်း /People’s Spring
ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။
အမေရိကန်ရဲ့ ဒေါ်လာတန်ဖိုးကျဆင်းမှုနဲ့ ဘဏ်အတိုးနှုန်း လျှော့ချမှုတွေအပါအဝင် ကမ္ဘာ့စစ်ရေး စစ်ရေးအခြေအနေတွေက ကမ္ဘာ့ ရွှေစျေးက အတက်ဘက်ကို ရောက်လာတယ်လို့ ဆိုပါတယ်။
ဒီကနေ့(ဒီဇင်ဘာ ၂၂ ရက်)ကမ္ဘာ့ရွှေစျေးက တစ်အောင်စကို ဒေါ်လာ ၄,၄၀၀ဝန်းကျင် ရှိပြီး အရင် တစ်လထက် တစ်အောင်စကို ဒေါ်လာ ၂၅၀ နီးပါး စျေးတက်လာတယ်လို့ သိရပါတယ်။
“တပတ်တာ ကမ္ဘာ့ရွှေစျေးစဖွင့်ပြီးအချိန်ပိုင်းမှာပဲ တစ်အောင်စကို ဒေါ်လာ ၅၀ကျော်ထိ စျေးတက်တာကတော့ အတက်ကြမ်းနေတယ်ပြောရမယ်။စုမယ့်သူရော ရောင်းမယ့်သူတွေအတွက် အကြံပေးချင်တာက ရောင်းတာဝယ်တာ မမှားဖို့ပဲ”လို့ ရွှေအရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောပါတယ်။
ဒီကနေ့ ပြင်ပရွှေစျေးကွက်အရ ၁၆ပဲရည် တစ်ကျပ်သား အရောင်း ကျပ် ၉,၀၇၀,၀၀၀နဲ့ အဝယ် ကျပ် ၈,၉၅၀,၀၀၀ ရှိနေတယ်လို့ သိရပါတယ်။ ၁၅ပဲရည် တစ်ကျပ်သား ရောင်းစျေးက ကျပ် ၈၅ သိန်း နဲ့ ကျပ် ၈၄သိန်း ဝန်းကျင်မှာရှိပါတယ်။
ပြည်တွင်း ရွှေစျေးက တစ်ကျပ်သား သိန်း ၈၀ ကျော်ခဲ့တဲ့ အခုနှစ် ဇွန်လနောက်ပိုင်း စံချိန်အမြင့်ဆုံးစျေးဖြစ်လာပြီး ပြည်တွင်ရွှေ အရောင်း အဝယ်လုပ်နေသူတွေက အသိပေးပါတယ်။
“ရွှေဈေးတက်တာကနိုင်ငံတိုင်းမှာတက်နေတာပါ။မြန်မာငွေ ဖောင်းပွလို့သာ သိန်း ၈၀တို့ သိန်း ၉၀ ကျော်တို့ ဆိုပြီး ကိန်းဂဏန်းကြီးတာ။အဓိကတော့ သာမန်လူတန်းစားတွေက ရွှေ ဆိုင်တွေနား ကပ်ဖို့ဆိုတာ ပိုပိုဝေး လာတယ်”လို့ ရွှေစျေးအကြောင်း လေ့လာနေသူတစ်ဦးက ပြောပါတယ်။
ပြည်တွင်း ရွှေချိန်တွက်ရာမှာ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သား ၀ ဒသမ ၅၂၅ အောင်စ ရှိပါတယ်။အကြမ်းဖျင်းပြည်တွင်းရွှေစျေးကို (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း ×၀ ဒသမ ၅၂၅ ) နဲ့ တွက်ချက်နိုင်ပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ၁၆ ပဲရည် ရွှေတစ်ကျပ်သား ကျပ် ၁၃ သိန်းကျော်ပဲရှိခဲ့တာကနေ အခုအခါ ကျပ်သိန်း ၉၀ ကျော်အထိ သမိုင်းတလျှောက် အမြင့်ဆုံးဈေးဖြစ်လာတာပါ။
နိုင်ငံခြားငွေလဲနှုန်းစျေးကွက်အရ တဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ကျပ် ၄,၀၀၀နဲ့ ရောင်းကျပ် ၃,၉၀၀ ဝန်းကျင်ရှိပါတယ်။စစ်တပ်အာဏာမသိမ်းခင် က ၁ ဒေါ်လာ ၁၃၀၀ ကျပ်ကျော် ပဲရှိခဲ့တာဖြစ်ပါတယ် ။
(စစ်တပ်အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ၁၃ သိန်းကျပ်ကနေ အခုအခါ ကျပ်သိန်း ၉၀ ကျော်အထိ သမိုင်းတလျှောက် အမြင့်ဆုံးဈေးဖြစ်လာပါတယ်။ဓါတ်ပုံ-gnlm)