ရန်ကုန်-ပြည် ကားလမ်းအနီး ကင်းပုန်းဝပ်နေသော စစ်သားများနှင့် PDF တပ်တို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၈

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းအနီး ကင်းပုန်းဝပ်နေသော စစ်သားများနှင့် PDF တပ်တို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ မကျီးကွင်းအရှေ့စုရွာ ဆည်ဘောင်အနီးရှိ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများနှင့် နယ်မြေအတွင်း သတင်းထောက်လှမ်းရန် သွားရောက်သော တော်လှန်ရေး တပ်ဖွဲ့များ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲသည် မိနစ်ပိုင်းသာကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရပြီး ဆိုင်ကယ် ၁ စီး၊ မိုလ်ဘိုင်းဖုန်း ၂ လုံး နှင့် လွယ်အိတ် ၁ လုံး တို့ ဆုံးရှုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် ကင်းပုန်းသည် ရှေ့ဆက်မတိုးရဲတော့ဘဲ စစ်သား အလောင်း ၂ လောင်းကို ယမန်နေ့ ညပိုင်းထိ လာရောက် ကောက်ယူခြင်းမရှိကြောင်း သိရှိရသည်။
“ကျနော်တို့ ရဲဘော်တွေက နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ သွားတာကို စစ်ခွေးကင်းပုန်းနဲ့ ထိပ်တိုက်တွေ့တာ အဲကင်းပုန်းရဲ့ ရှေ့ဆုံးမှာနေတဲ့ စစ်ခွေး ၂ ကောင် ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေတယ်။ ပစ်ခတ်မှုဖြစ်တော့ နောက်ကျန်ခွေးတွေကပါ လိုက်ပစ်တာ တော်လှန်ရေး ရဲဘော် ၁ ဦးတော့ ထိခိုက်ဒဏ်ရာရတယ်။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပြီးတော့ ရှေ့ဆက်မတိုးရဲတော့လို့ စစ်ခွေး အလောင်း ၂ လောင်းကို ညပိုင်းထိ လာမကောက်ရဲဘူးလို့ သိရတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ရန်ကုန်-ပြည် လမ်းပိုင်းအနီး ကင်းပုန်းဝပ်ခြင်းများ ဆက်လက် လုပ်ဆောင်နေ၍ ထိတွေ့တိုက်ပွဲများသည် အချိန်နေရာမရွေး ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်သား ၊ ရဲနှင့် ပျူစောထီးများ ရှိသည့်နေရာများအနီး သွားလာနေထိုင်ခြင်းများ လုံးဝ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က အသိပေး ပြောဆိုထားသည်။