တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်မှ စစ်တပ်က လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဟု မင်းအောင်လှိုင် ပြောပြန်

Myanmar's military chief Min Aung Hlaing leaves Red Square after the Victory Day military parade in central Moscow on May 9, 2025. Russia celebrates the 80th anniversary of the Soviet Union's victory over Nazi Germany in World War Two (WWII). (Photo by Kirill KUDRYAVTSEV / AFP)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်မှ စစ်တပ်က လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဟု မင်းအောင်လှိုင် ပြောပြန်
ရန်ကုန်၊ ဒီဇင်ဘာ ၇
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်မှ စစ်တပ်က လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။
ယမန်နေ့ ပြင်ဦးလွင်တပ်နယ်တွင် စစ်တပ်အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဗိုလ်လောင်းများကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
မင်းအောင်လှိုင်က စစ်တပ်အနေဖြင့် နိုင်ငံ၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ခေတ်အဆက်ဆက်သမိုင်းကြောင်းများအရပါဝင်ခဲ့ရကြောင်း၊ သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့်အခြေအနေများအရ စစ်တပ်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမည်ဖြစ်ကြောင်း၊ နိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များမရှိသည့်အချိန်တွင် စစ်တပ်အနေဖြင့် လွှတ်တော်တွင်ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စစ်တပ်က နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရခြင်းကြောင့် လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့်စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောဆိုသည်။
စစ်တပ်၏အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်သော်လည်း ခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးအခန်းကဏ္ဍတွင်လည်း ပါဝင်နေရခြင်းဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် လက်နက်ကိုင်များကို တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း မင်းအောင်လှိုင်က ဆက်လက်ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရကမူ နိုင်ငံရေး ဦးတည်ချက် ၆ ချက်ကို တောင်းဆိုထားပြီး စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်နေခြင်းအား အဆုံး သတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကိုပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်၊ ပဋိပက္ခအတွင်း “လိင်နှင့် ကျားမအပေါ် အခြေခံသော အကြမ်းဖက်မှုများအပါအဝင်” မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ရန် တောင်းဆိုထားခြင်းဖြစ်သည်။