လှည်းကူး ကြံ့ဖွံ့ပါတီရုံးကပျူစောထီးတွေကို မြို့ပြအဖွဲ့တွေ တိုက်ခိုက်

လှည်းကူး ကြံ့ဖွံ့ပါတီရုံးကပျူစောထီးတွေကို မြို့ပြအဖွဲ့တွေ တိုက်ခိုက်
ဒီဇင်ဘာ-၆၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က စစ်ကောင်စီရွေးကောက်ပွဲမှာပူးပေါင်းပါဝင်နေတဲ့ ကြံ့ဖွံ့ပါတီရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
“ဖွတ်မြိုနယ်ရုံး ၊ပျူအစောင့်တွေရှိတဲ့အချိန်ဆော်လိုက်တာ ၊မိုင်းကတော်တော်ပြင်းတယ်၊ ခွေးပျူနဲ့အဆောက်အအုံတော့တော်တော်ထိခိုက်သွားဖို့များတယ်”လို့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီးပြောပါတယ်။
ဒီစစ်ဆင်ရေးကို ဒီနေ့ (ဒီဇင်ဘာ ၆) ည ၇နာရီခွဲခန့်မှာ Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
“ဒါနဲ့ စကားမစပ် ပျူစောထီးတွေက ကြံ့ဖွတ်တွေလား ။ ရုံးစောင့်နေကြလို့” လို့ Yangon Army ရဲ့ပေ့ခ်ျမှာ ထုတ်ပြန်ချက်နဲ့အတူ မေးခွန်းထုတ်ထားပါတယ်။
လှည်းကူးမြို့မှာ ပေါက်ကွဲသံတွေကြားရကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့တာကို Hlaing Info က ည ၈နာရီကျော်မှာ ဖော်ပြထားပါတယ်။
Yangon Army နဲ့ အနောက်ပိုင်းခရိုင်ပကဖ တို့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့နေရာတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။
ဒီမဟာမိတ်အဖွဲ့ နှစ်ဖွဲ့က ပြီးခဲ့တဲ့အောက်တိုဘာ ၁၅ ရက်က မင်္ဂလာဒုံမြို့နယ် ကြံ့ဖွံ့ရုံးကို တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်ကလည်း မြို့ပြကြွက်အဖွဲ့က မှော်ဘီမြို့နယ်ကြံ့ဖွံ့ရုံးကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။